ဟောင်ကောင်တွင် တင်းကျပ်သော စည်းမျဉ်းများထုတ်ပြန်ပြီး ၂ နှစ်အကြာ ပထမအကြိမ် ဆန္ဒပြပွဲပေါ်ပေါက်

By ANI 
31 March 2023
ဟောင်ကောင်တွင် တင်းကျပ်သော စည်းမျဉ်းများထုတ်ပြန်ပြီး ၂ နှစ်အကြာ ပထမအကြိမ် ဆန္ဒပြပွဲပေါ်ပေါက်

ဟောင်ကောင်တွင် ကိုဗစ် - ၁၉  ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပတ်ဝန်းကျင်ကိုအနှောက်အယှက်ဖြစ်စေသည့် အဆောက်အအုံများ ပြောင်းရွှေ့တည်ဆောက်ရေး တောင်းဆိုသော တရားဝင်ခွင့်ပြုချက်ရ ဆန္ဒပြပွဲကို မတ် ၂၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဟောင်ကောင် အခြေစိုက် The Standard သတင်းစာတွင် ဖော်ပြထားသည်။

ပြန်လည်သန့်စင်ရေး စက်ရုံ ၁ ရုံ နှင့် ဘိလပ်မြေစက်ရုံ ၁ ရုံအပါအဝင် အများပိုင်အဆောက်အအုံများကို နေရာသစ်၌  ဆောက်လုပ်ရန် ဆောင်ခွန်းအိုရပ်ကွက်ရှိ ဧရိယာတစ်ခုကို အစိုးရက အသုံးပြုမည့် အစီအစဉ်အား ကြေညာပြီးနောက် မြို့ခံအဖွဲ့တစ်ဖွဲ့က ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။  

ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်၏ ကြပ်မတ်စောင့်ကြည့်မှုဖြင့်ပြုလုပ်သော ဆန္ဒပြပွဲ၌ လူ ၁၀၀ ထက်မနည်း ပါဝင်ခဲ့သည်။
ဆန္ဒပြသူများသည် နံပါတ်တပ်ထားသော ကတ်ပြားများကို လည်ပင်းတွင်ဆွဲထားရပြီး နှာခေါင်းစည်းများ ဝတ်ဆင်ခွင့်မရှိပေ။

ဆန္ဒပြသူများသည် ကြွေးကြော်သံများနှင့် စာတမ်းပါကတ်ပြားများကို ရဲများသို့ တင်ပြရကြောင်း ချီတက်ပွဲ စီစဉ်သူ ဆိုက်ရပ်စ်ချန်းက ပြောကြားသည်။ ဆန္ဒပြပွဲ ပါဝင်သူများသည် အနက်ရောင်ဝတ်စုံပြည့် ဝတ်ခွင့်မရှိဟု အရာရှိများက ပြောကြားခဲ့ကြောင်း The Standard က ဖော်ပြသည်။

အဆိုပါ ဆန္ဒပြပွဲကို နံနက် ၁၁ နာရီတွင် တူကမ်းလန်အားကစားစင်တာအနီးရှိ ပန်းခြံတစ်ခုတွင် စတင်ခဲ့သည်။ ဆန္ဒပြသူများသည် မိုးရေထဲတွင် စာတန်းပါနဖူးစည်းများကိုင်၍  အဆောက်အအုံတည်ဆောက်မည့်စီမံကိန်းအား ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ကာ မွန်းလွဲ ၁ နာရီမထိုးမီအထိ ချီတက်ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါ စီမံကိန်းသည် ရပ်ရွာ၏ နေ့စဉ်လိုအပ်ချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဗျူရိုမှ ပြောကြားသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာကြောင်းနှင့် မြေယာဖော်ဆောင်မှု အတိုင်းအတာ လျှော့ချရေး ဖြစ်နိုင်ခြေလေ့လာမှုကို လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

ဟောင်ကောင်တွင် ၂၀၂၀ ခုနှစ်က နိုင်ငံတော်လုံခြုံရေးဥပဒေကို အတည်ပြုပြဌာန်းပြီးနောက်ပိုင်း ယခုဖြစ်ရပ်သည် ပထမဆုံးဆန္ဒပြပွဲတစ်ခုဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly