ယင်းမာပင်မြို့နယ် ဘန်ဘွေး ပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
30 March 2023
ယင်းမာပင်မြို့နယ် ဘန်ဘွေး ပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီးလမ်းမအနီးရှိ ဘန်ဘွေး ပျူစေထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၃၀ ရက် နံနက် ၁ နာရီအချိန်မှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။

“ လက်နက်ကြီးတွေဖြစ်တဲ့ ၄၀ မမ ၊ ၆၀ မမ ၊ ၇၉ လိုမျိုး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က စက်ကလေး၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာမျိုးတွေရှိပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြာချိန် သုံးနာရီလောက်ရှိပါတယ်။ ရန်သူထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူး”ဟု သခင်ဒေါင်းညိုက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်(KLG PDF)၊ သခင်ဒေါင်းညို၊ တောမုဆိုး JHRF ၊ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၂၉) ၊ ဆရာစံပြည်သူ့ကာကွယ်ရေးတပ်၊ SSTF ၊ SPDF နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဘန်ဘွေး ပျူစောထီးရွာကို အင်အားထပ်မံတိုးချဲ့ထားပြီး နီးစပ်ရာကျေးရွာများကို မကြာခဏစစ်ကြောင်းထိုးကာ လူနေအိမ်များကိုဖျက်ဆီးခြင်း၊ ပစ္စည်းခိုးယူခြင်းများ ပြုလုပ်လျက်ရှိသည့် အတွက် အကြောက်တရားဖြင့်နေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က ဘန်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်နေသည်မှာ နှစ်နှစ်နီးပါးရှိနေပြီး စစ်တပ်ကိုဆန့် ကျင်သည့် ဒေသခံ ၁,၀၀၀ ကျော်ခန့်မှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required