လေကြောင်းမှဗုံးကြဲမှုကြောင့် ရွှေကူမြို့နယ်  မံဝိန်းကျေးရွာမှ နေအိမ်အချို့ မီးလောင်

By KMN (မဇ္ဈိမ)
30 March 2023
လေကြောင်းမှဗုံးကြဲမှုကြောင့် ရွှေကူမြို့နယ်  မံဝိန်းကျေးရွာမှ နေအိမ်အချို့ မီးလောင်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မံဝိန်းကျေးရွာအား မတ်လ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်မှ စပြီး စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Shwegu K PDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းများဖြစ်သည့် တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) တပ်များက မံဝိန်းရွာအတွင်း မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး အခြားအိမ်များသို့ မီးကူးစက်လောင်ကျွမ်း နိုင်ခြေရှိသည့်အတွက် အခြားပျက်စီးဆုံးရှုံးမှုများကို ဆက်လက်ဖော်ပြပေးသွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“နေ့လည် ၁၂ လောက်မှာ တိုက်လေယာဉ်နှစ်စီးပျံသွားတာတွေ့တယ်။ နိမ့်နိမ့်လေးပဲ။ ကျွန်တော်တို့ရွာ ဘက်တွေလည်း လေယာဉ်ကဝဲနေတာပဲ” ဟု မံဝိန်းကျေးရွာအနီးနေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် မံဝိန်း-စီမူကြီး ကုန်ထုတ်လမ်းဘေးရှိ လယ်တဲများ မီးလောင်ပျက်စီးသွားပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူကာ ဆက် တက်လာပြီး မံဝိန်းကျေးရွာတွင် မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

Photo - Shwegu K PDF

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required