သုံးခွတွင် လိုင်းကြေးထွက်ကောက်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး 

By စိုင်းခန့်  (မဇ္စျိမ)
30 March 2023
သုံးခွတွင် လိုင်းကြေးထွက်ကောက်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး 
ပုံစာ-ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် လိုင်းကြေးထွက်ကောက်သည့် ရဲနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) တာ၀န်ရှိသူထံမှ သိရသည်။ 

သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာနှင့် ကုန်းခလာကျေးရွာကြားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှ လိုင်းကြေးကောက်ရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲတပ်သားနှစ်ဦးကို ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် PDF Khayan တပ်ဖွဲ့၀င်များက သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

သုံးခွမြို့နယ် ထုံးကြီး၊ ကတုံးပေါ် ၊ ကုန်းခလာ၊ ရေခလာ ပတ်လည် လိုင်းကြေးလိုက်ကောက်သည့် ဆိုင်ကယ်နဲ့ ရဲတပ်သား နှစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ 

"ပစ္စည်းတော့ မရလိုက်ပါဘူး၊ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ နေရာမှာတော့ စစ်ကောင်စီတပ်က စစ်ဆေးမှု လုပ်နေပါတယ်” ဟု PDF Khayan တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

လိုင်းကြေးထွက်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်သား နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က သေနတ်ဖြင့် အချက်ရေ ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ 

“ လုပ်ငန်းစဥ်တွေလုပ်တဲ့နေရာမှာ စကစတပ်ရဲ့ အနီးနေထိုင်နေကြရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ရင် စကစတပ်သားတွေနဲ့ အဝေးမှာ နေပေးကြပါ။ NUG ရဲ့ One Year Plan အတိုင်းပဲ လုပ်စရာရှိတာ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ သင်္ကြန်မှာလည်း အပျော်မကြူးဘဲ တော်လှန်သင်္ကြန်အနေနဲ့ သွားမယ်ဆို ပိုကောင်းပါလိမ့်မယ်” ဟု PDF Khayan တာ၀န်ရှိသူက ပြည်သူများကို မေတ္တာရပ်ခံသည်။ 

ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် လက်ရှိအချိန်အထိ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ် တစ်၀ိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly