ဘီးလင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်တပ်​၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံသေဆုံး 

By YT မဇ္ဈိမ
30 March 2023
ဘီးလင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်တပ်​၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံသေဆုံး 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ ခြင်္သေ့နှစ်ကောင်အနီးတွင် ကျိုက်ထိုဘက်မှ ဘီးလင်းဘက်သို့ ရန်ကုန်- မော်လမြိုင်ကားလမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်ထံမှ သိရသည်။ 

" ယာဉ်တန်းက အားလုံးပေါင်း အစီးရေ ၂၆ စီး ပါတယ် ။ ကားတွေပေါ်မှာ အမျိုးသမီးတွေလည်း အများကြီးပါတယ်။ နေပြည်တော်မှာ တပ်မတော်နေ့ စစ်ရေးပြပြီး ပြန်လာတဲ့ယာဉ်တန်း" ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့​၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြပြီး ပြန်လာသော ၂၆ စီးပါ စစ်ကောင်စီယာဉ်တန်း​၏ နောက်ကျန် ၁၃ စီးတွဲအား ယမန်နေ့ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၁၀ နာရီ ၃၀ မိနစ်အချိန်၌ အလူးလေးကျေးရွာ၊ ခြင်္သေ့နှစ်ကောင်အနီးတွင် တပ်မဟာ (၁) KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား တစ်စီး မီးလောင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား အထိအခိုက်အသေအဆုံးအား အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။ 

" စစ်ကောင်စီယာဉ်တန်းရဲ့ တစ်ဝက်လောက်၊ ၁၃ စီးက ရှေ့ရောက်သွားပြီ၊ ဒီဘက်က နောက်ကျန် ၁၃ စီးတွဲကို ခြင်္သေ့နှစ်ကောင်မှာ ပစ်ခဲ့တာ။ ကားတစ်စီး ၄၀ မမ ထိပြီး မီးလောင်သွားတယ်။ အထိအခိုက်ရှိပေမယ့် သူတို့သတင်း သူတို့ဖုံးဖို့ အတင်းမောင်းပြေးသွားတော့ အတိအကျမသိရသေးဘူး" ဟု KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။ 

KNLA ပူးပေါင်းတပ်ဖွဲ့​၏ ပစ်ခတ်မှုအပြီးတွင် ထိုစစ်ကောင်စီတပ်ယာဉ်တန်းသည် ဘီးလင်းမြို့ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး အလူးကျေးရွာအုပ်စု၊ ဝမ်းမတုန်ကျေးရွာအရောက်တွင် စက်လက်နက်များဖြင့် နီးစပ်ရာများသို့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပစ်ခတ်မှုကြောင့် ဝမ်းမတုန်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ်ရှိ ဒေါ်ပုတိုသည် လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာ၌ပင်သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်ခင်လေးသည် လက်နှင့် ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

" စစ်ကောင်စီတပ်က ပြန်ပစ်တာ ဝမ်းမတုန်က အဒေါ်ကြီးနှစ်ယောက်ကို ထိသွားတယ်။ တစ်ယောက်က လည်ပင်းကိုထိတယ်၊ တစ်ယောက်က လက်နဲ့ခြေထောက်ကို ထိတယ် " ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့​၏ တာဝန်ရှိသူက ပြောသည်။ 

၂၀၂၃ ခုနှစ် မတ်လအတွင်းတွင် KNU တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၌ စစ်ကောင်စီတပ်ယာဉ်တန်းများ၊ အထိုင်ချတပ်စခန်းများအား ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရမှုများလာသည့် အားလျော်စွာ စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကို ပိုမိုလုပ်ဆောင်လာပြီး ဒေသခံများထိခိုက်မှု များလာကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required