နောက်လေးနှစ်တွင် MMA ကစားသမားဘဝမှ အနားယူမည် ဟု အောင်လအန်ဆိုင်း ဆို

နောက်လေးနှစ်တွင် MMA ကစားသမားဘဝမှ အနားယူမည် ဟု အောင်လအန်ဆိုင်း ဆို
၂၀၁၆ One Championship ပြိုင်ပွဲတွင် အလီနှင့် ထိုးသတ်နေသော အောင်လအန်ဆိုင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မတ် ၂၂၊ ရန်ကုန်။             ။ MMA ( ကိုယ်ခံပညာပေါင်းစုံအသုံးပြု တိုက်ခိုက်သည့်ကစားနည်း) ပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိထားသည့် အောင်လအန်ဆိုင်းသည် ယခု ၂၀၁၆ ခုနှစ်မှ နောက်လေးနှစ်အကြာတွင် MMA ကစားသမားဘဝမှ အနားယူသွားမည် ဟု One Championship ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသားအလီကို အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောသည်။

အသက် ၃၀ အရွယ်ရှိ ကချင်လူမျိုး အောင်လအန်ဆိုင်းသည် ကချင်ပြည်နယ် မြြစ်ကီးနားမြို့တွင် မွေးဖွားခဲ့ပြီး  အပျော်တမ်းလက်ဝှေ့လောကမှ အမေရိကန်နိုင်ငံ MMA ပြိုင်ပွဲသို့ ၂၀၀၄ ခုနှစ်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရရှိသည့်ဆုကြေးငွေများကိုလည်း ကချင်ပြည်နယ်ဒုက္ခသည်စခန်းသို့ လှူဒါန်းပေးလျက်ရှိသည့် MMA လက်ဝှေ့သမားတစ်ဦး ဖြစ်သည်။

“ နောက်ထပ်လေးနှစ်လောက်တော့ ကျွန်တော် ဆက်ထိုးဦးမှာပါ။ ပြီးရင်တော့ ကစားသမားဘဝက အနားယူတော့မယ်။ ဒီကစားနည်းကို လူငယ်တွေကို ပြန်သင်ကြားပေးတဲ့ သင်တန်းနည်းပြအဖြစ် ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ထားပါတယ်။

မြန်မာနိုင်ငံက လက်ဝှေ့သမားတွေ၊ MMA ကစားချင်တဲ့သူတွေကိုလည်း ဂျူဂျစ်ဆုကစားနည်း သင်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးပါဘူး။ ကစားသမားဘဝက အနားယူပြီးနောက်ပိုင်းမှ သင်ပေးဖြစ်မှာပါ ” ဟု အောင်လအန်ဆိုင်းက သူ၏ အနာဂတ်နှင့် ပတ်သက်၍ ပြောသည်။

အောင်လအန်ဆိုင်းသည် MMA ကစားသမားဘဝတစ်လျောက်တွင် မစ်ဒယ်လ်ဝိတ်တန်း၌ ၂၆ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရာ ၁၇ ပွဲနိုင် ၊ ကိုးပွဲရှုံး မှတ်တမ်းရရှိထားပြီး အနိုင်ရရှိခဲ့သောပွဲများတွင် ၁၀ ပွဲမှာ အလဲထိုးဖြင့် အနိုင်ရရှိထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly