မန္တလေးက စိန်ကျော်မိုးရွှေသန့်စင်ဆိုင် ဓားပြတိုက်ခဲ့သူများအားဖမ်းမိ  ဓားပြတိုက်လူသတ်မှု ၃ ကြိမ်ကျူးလွန်ခဲ့သူများဟုဆို 

By 007 မဇ္ဈိမ
30 March 2023
မန္တလေးက စိန်ကျော်မိုးရွှေသန့်စင်ဆိုင် ဓားပြတိုက်ခဲ့သူများအားဖမ်းမိ  ဓားပြတိုက်လူသတ်မှု ၃ ကြိမ်ကျူးလွန်ခဲ့သူများဟုဆို 

မန္တလေးမြို့က စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းအား၊ ဓားပြတိုက်သွားသည့်အဖွဲ့မှ လူလေးဦးကို၊ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိထားကြောင်း၊ တိုင်းရဲတပ်ဖွဲ့ရုံးနှင့်နီးစပ်သည့် အသိုက်အဝန်းထံက စုံစမ်းသိရသည်။ 

“အဲဒီနေ့ညက ညတွင်းချင်းဖမ်းမိသူတွေကို စစ်ဆေးချက်အရ နောက်ဆက်တွဲတွေ ထွက်လာတယ်၊ ဒေါ်တောမုန့် တီဆိုင်ကိုလည်း ဒီလူတွေပဲတိုက်တာ၊ မြေပွဲစားအိမ်ကို လူသတ်ဓားပြတိုက်တာလည်း ဒီအဖွဲ့ပဲ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 

ဖမ်းမိထားကြောင်းနှင့်ပတ်သက်၍လည်း၊ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်ကိုတွေ့ရသည်။ ဓားပြများစီးလာသော အိမ်စီးကားကို စီစီတီဗီကတစ်ဆင့် လိုက်ရာမှ၊ ပြည်ကြီးတံခွန်မြို့နယ် ၅၁ လမ်း၊ ၁၃၅ လမ်း နှင့် ၁၃၆ လမ်းကြားရှိ ခြံဝင်းတစ်ခုအတွင်း၊ ဓားပြနှစ်ဦးကိုဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့အားစစ်ဆေးချက်အရ နောက်ထပ်နှစ်ဦးကိုဖမ်းမိကြောင်း၊ ဓားပြအဖွဲ့ဖမ်းဆီးရမိခဲ့ရာတွင် ခေါင်းဆောင်ဖြစ်သူ ဆန်းဝင်းနှင့်အတူ တင်စိုး၊ ကျော်တင်ဦး(ခ)ငပိန်နှင့် တင်စိုး(ခ)ရခိုင်)တို့လေးဦးကို ဖမ်းမိပြီး၊ နောက်ထပ်နှစ်ဦး(တမောင်းနှင့်ကျော်နိုင်)တို့ကို ဖမ်းဆီးရန်ကျန်သေးကြောင်း ထုတ်ပြန်ချက်အရသိရသည်။ 

၎င်းဓားပြအဖွဲ့သည်၊ စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်း(စိန်ကျော်မိုးရွှေသန့်စင်နှင့်မီးလင်းရွှေရောင်းဝယ်ရေးဆိုင်) အပါအဝင် လူသတ်ဓားပြတိုက်မှု စုစုပေါင်းသုံးကြိမ် ကျူးလွန်ထားသူများဖြစ်ကြောင်း၊ ၎င်းတို့ကို ပစ္စတိုနှစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင်ပါသွားသည့်ငွေ ၈၃၅ သိန်းကျပ်(ဓားပြတိုက်မှုဖြစ်စဉ်သတင်းထုတ်ပြန်ချက်တွင် ကျပ်သိန်း ၁,၂၀၀ ဟုဆိုသည်)၊ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့်(၂,၂၈၀ ဂရမ်)၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၈၀,၀၀၀)၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သော အနက်ရောင်အိမ်စီးကားတို့နှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြသည်။ 

မန္တလေး ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၅(အေ)လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ၊ စိန်ကျော်မိုးရွှေသန့်စင်နှင့်မီးလင်းရွှေရောင်းဝယ်ရေးဆိုင်ကို၊ ပြီးခဲ့သည့်မတ်လ ၂၇ ရက်နေ့ညနေ ပိုင်းက၊ ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦး၊ အနက်ရောင် အိမ်စီးကားစီးလာပြီး၊ ဆိုင်ရှင်၏ငွေကျပ်သိန်း ၁,၂၀၀ အား ဓားပြတိုက်လုယူသွားခဲ့ကြောင်း အခင်းဖြစ်ညပိုင်းတွင်၊ စစ်ကောင်စီ၏သတင်းများက စီစီတီဗီမှတ်တမ်းဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။ 

ဓားပြအဖွဲ့သည် စိန်ကျော်မိုးရွှေသန့်စင်နှင့်မီးလင်းရွှေရောင်းဝယ်ရေးဆိုင်အား ဓားပြမတိုက်မီ၊ ပြီးခဲ့သည့်ဖေဖော် ဝါရီလ ၂၅ ရက်နေ့ကလည်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်ခဲ့သေးကြောင်း၊ ထို့ အပြင် မတ်လ ၁၂ ရက်နေ့ကလည်း ချမ်းအေးသာစံမြို့နယ် သီရိဟေမာအနောက်ရပ်ကွက် ဒေါ်တောမုန့်တီဆိုင် ကိုလည်းဓားပြတိုက်ခဲ့ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required