ပင်လောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၄ ကြိမ်ခန့် လေကြောင်းသုံး တိုက်ခိုက် 

By ဂျူချန်း မဇ္ဈိမ
30 March 2023
ပင်လောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၄ ကြိမ်ခန့် လေကြောင်းသုံး တိုက်ခိုက် 

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ လုံးပြင်ကျေးရွာနှင့် တောင်မဲသင်းတောင်ပေါ် တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ပေါင်းစုမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိအခိုက်များသဖြင့် တိုက်လေယာဉ် နှစ်စီးဖြင့် အကြိမ်၂၀ ထက်မနည်း ဗုံးကြဲတိုက်ခဲ့ရာ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

ပင်လောင်းမြို့နယ် လုံးပြင်ကျေးရွာနှင့် တောင်မဲသင်းကျေးရွာကြားတွင် မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်မှ ညနေ ၅နာရီ ခွဲအထိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်မှ တပ်သား ၂၀ထက်မနည်း အထိအခိုက် ရှိနိုင်ကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ်(၁၁၀၂) ပြန်ကြားရေးတာဝန်ခံမှ သိရသည်။ 

“မြေပြင်သတင်းအရ တိုက်ပွဲဖြစ်ပွားတဲ့ မိနစ် ၃၀ အတွင်းမှာ သူတို့လူ အယောက် ၂၀၊ ၃၀ လောက် ထိတာတွေရော ကျတာတွေရော အဲ့လောက်ပမာဏတော့ ရှိပါတယ်” ဟု အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ်(၁၁၀၂) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။ 

စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များသဖြင့် တိုက်ပွဲဖြစ်ပွားပြီး နာရီဝက် ခန့်အကြာတွင် လေကြောင်းသုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

“၁၁နာရီခွဲမှာ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ သူတို့ အထိအခိုက်များတော့ လေယာဉ် နှစ်စီးလာတယ်။ သူတို့က အသွားအပြန်ပဲ အဲ့နှစ်စီးက တစ်လှည့်စီ တောက်လျှောက် ပစ်နေတာ။ နေ့လယ် ၁၂ ကနေ ညနေ ၅နာရီအထိ တောက်လျှောက် ပစ်နေတာ။ ကြားမှာ တစ်ချက်နားပြီး ပြန်လာ။ အဲ့လိုပေ့ါနော်။ အချက်ကတော့ ပေါင်း ၂၀ ကျော်လောက် ရှိတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု များပြားပြီး ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ၂၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်မှုများကြောင့် မိုးဗြဲ PDF မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိရာ တိုက်ပွဲဖြစ်သည့်ရက်တိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းသုံး တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required