သင်ရိုးညွှန်းတမ်းများ တရားဝင်သတ်မှတ်ပြီးပါက မိန်းကလေးကျောင်းများ ပြန်ဖွင့်မည်ဟု  တာလီဘန်အစိုးရအရာရှိ ပြောကြား 

By TOLOnews
30 March 2023
သင်ရိုးညွှန်းတမ်းများ တရားဝင်သတ်မှတ်ပြီးပါက မိန်းကလေးကျောင်းများ ပြန်ဖွင့်မည်ဟု  တာလီဘန်အစိုးရအရာရှိ ပြောကြား 

သင်ရိုးညွှန်းတမ်းအသစ်များ  ပြုစုပြီးနောက် သိပ်မကြာမီ မိန်းကလေးကျောင်းများကို ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ပါဝမ်ပြည်နယ်မှ အာဖဂန်လုံခြုံရေးဌာန အကြီးအကဲ အဇီဇူလာအိုမားက TOLOnews သို့ ပြောကြားသည်။

"ကျောင်းတွေပြန်စဖွင့်ဖို့က ပြဿနာမရှိပါဘူး။ အဓိက ပြဿနာက သင်ရိုးညွှန်းတမ်းပါ။ ဒါကြောင့် သင်ရိုးညွှန်းတမ်းပြောင်းဖို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ သင်ရိုးညွှန်းတမ်းတွေ အတည်ပြုပြီးရင် ကျောင်းတွေ ပြန်စတော့မှာပါ" ဟု ၎င်းက ဆိုသည်။

ကျောင်းများပိတ်လိုက်ခြင်းက အမျိုးသမီးများ၏ စိတ်ဓာတ်ရေးရာကို ထိခိုက်စေကြောင်း ကျောင်းသူများက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တာလီဘန်အရာရှိ ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

"ကျွန်မဘဝအတွက် လုံးဝမျှော်လင့်ချက်ကင်းမဲ့နေပါတယ်။ ပညာသင်နှစ်သစ်မှာ ကျောင်းတွေ ပြန်ဖွင့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်" ဟု ကျောင်းသူတစ်ဦးဖြစ်သူ ဇူဟေးလ်က ပြောကြားခဲ့သည်။

တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခံထားရသော ကျောင်းသူများကလည်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ယာယီအစိုးရအား တိုက်တွန်းခဲ့ကြသည်။  
“ကျွန်မတို့က တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ပဲ မျှော်နေတာပါ။ တက်ခွင့်ရလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ကျောင်းသူ တစ်ဦးက ပြောကြားသည်။

တာလီဘန်အစိုးရက အမျိုးသမီးများအား ကျောင်းတက်ခွင့် ပိတ်ပင်သည့်ကိစ္စအပေါ် ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းများက ဝေဖန်ခဲ့ကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly