ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း ၃ ခုအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း PPDF- KD ပြော 

By YT မဇ္ဈိမ
29 March 2023
ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း ၃ ခုအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း PPDF- KD ပြော 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ အင်္ဂဘိုကျေးရွာနှင့် ဝင်းကလောကျေးရွာရှိ စစ်ကောင်စီတပ်ဂိတ်စခန်းများအား ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။ 

ယနေ့ မတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မုပ္ပလင်ကျေးရွာ၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်​၏ စစ်ဆေးရေးဂိတ်စခန်း၊ နေ့လယ် ၃ နာရီ ၃၀ မိနစ်အချိန်တွင် အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းအနီးရှိ စစ်ကောင်စီတပ်ဂိတ်စခန်း နှင့် ယမန်နေ့ မတ်လ ၂၈ ရက်နေ့၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် ဝင်းကလောကျေးရွာရှိ ဝင်းကလောစစ်ကောင်စီတပ်ဂိတ်စခန်းတို့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုဒရုန်းမစ်ရှင်သုံးခုအား တပ်မဟာ (၁) KNLA၊ PDF၊ KRF၊ PPDF- KD ပူးပေါင်းတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မစ်ရှင် သုံးခုအတွက် ဗုံးသီး ၂၃ လုံးခန့် အသုံးပြုခဲ့ကြောင်း သိရသည်။ 

" ၂၈ ရက်နေ့က ဝင်းကလောစစ်ကောင်စီဂိတ်စခန်း၊ ဒီနေ့ ၂၉ ရက်နေ့မှာ မုပ္ပလင်လမ်းဆုံကစစ်ကောင်စီဂိတ်နဲ့ လက်ပံပင်သင်္ချိုင်းနားက စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို မစ်ရှင်ဖော်ဆောင်ထားပါတယ်။ ဒီမစ်ရှင်သုံးခုလုံးအတွက် ဗုံးသီး၂၃ လုံး အသုံးပြုခဲ့ပါတယ် " ဟု PPDF-KD အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ယနေ့ မတ်လ ၂၉ ရက်နေ့၊ မုပ္ပလင်လမ်းဆုံရှိ မုပ္ပလင်စစ်ကောင်စီတပ်ဂိတ်စခန်းအား တိုက်ခိုက်ရာတွင် ဗုံးသီးများသည်  ဘန်ကာပေါ်သို့ ကျရောက်ခဲ့ပြီး စစ်သားနှစ်ဦးသေဆုံး၍ ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

" မုပ္ပလင်လမ်းဆုံဂိတ်ကတော့ နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရပါတယ်။ ဝင်းကလောဂိတ်နဲ့  လက်ပံပင်လမ်းဆုံဂိတ်တွေက အထိအခိုက်ကိုတော့ အတည်မပြုရသေးပါဘူး။ " ဟု PPDF-KD အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ဝင်းကလောလမ်းဆုံစစ်ဆေးရေးဂိတ်နှင့် လက်ပံပင်ဂိတ်တို့တွင် ပြုလုပ်ခဲ့သော ဒရုန်းမစ်ရှင်​၏ ထိခိုက်မှုများအား အတည်ပြုနေဆဲဖြစ်ပြီး ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိကြောင်း သိရသည်။ 

"ဒီနေ့ စစ်ကောင်စီတပ်က ရွာတွေထဲ ပစ်ခတ်တာတွေရှိပါတယ်။ ၃ နာရီလောက်ကနေ စပစ်တာပါ။ မဲရုံးကြီး၊ မဲရုံးလေးဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ ရွာတွေထဲ ပေါက်ကွဲတာတွေရှိပေမယ့် အတည်ပြုနေဆဲပါ " ဟု ပူးပေါင်းတပ်ဖွဲ့တွင် ပါဝင်သော ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ယနေ့ မတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၃ နာရီအချိန်မှစ၍ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီတပ်ဂိတ်စခန်း၊ လက်ပံပင်လမ်းခွဲရှိ ဂိတ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေပြီး မဲရုံးကြီး၊ မဲရုံးလေး၊ ငှက်ပျောတောကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိသော်လည်း အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly