စစ်ကောင်စီခေါင်းဆောင်၏ ခြိမ်းခြောက်မှုအပေါ် NUG နှင့် အတိုက်အခံတို့ ပြန်လည်တုံ့ပြန်

စစ်ကောင်စီခေါင်းဆောင်၏ ခြိမ်းခြောက်မှုအပေါ် NUG နှင့် အတိုက်အခံတို့ ပြန်လည်တုံ့ပြန်
by Pan Pan ၊ Penrose Thitsa

ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည့် မတ်လ ၂၇ ရက်တွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ပြောကြားသွားသော ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူနှင့် အခြားသော အတိုက်အခံတို့က ပြန်လည်တုံ့ပြန်ပြောဆိုကြသည်။

အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းတို့ စစ်တပ်အနေဖြင့် ၎င်းတို့အပေါ် ဆန့်ကျင်နေသည့် အတိုက်အခံများနှင့် ထောက်ကူပံ့ပိုးပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) များကို ပြတ်ပြတ်သားသား အရေးယူသွားမည် ဖြစ်ကြောင်း မတ်လ ၂၇ ရက် နေပြည်တော်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

“NUG နဲ့ လက်ဝေခံ PDFs အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြတ်ပြတ်သားသား အရေးယူကိုင်တွယ်ဖို့ လိုပါတယ်” ဟု မင်းအောင်လှိုင်က NUG ကို ရည်ညွှန်းရင်း ပြောသည်။ NUG သည် စစ်တပ်အာဏာသိမ်းမှုကို ပယ်ဖျက်ရန် လုပ်ဆောင်နေသည့် ဖြုတ်ချခံ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

“တို့တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့အညီ နိုင်ငံတဝှမ်းလုံးရှိ ပြည်သူများရဲ့ လူမှုစီးပွါးဘဝ၊ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးမှု အပြည့်အဝ ရရှိစေရန် အလေးအနက် လုပ်ဆောင်သွားမှာပဲ ဖြစ်တယ်။ အဲဒီလို လုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ ၄င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု စစ်ကောင်စီခေါင်းဆောင်က နေပြည်တော် စစ်ရေးပြကွင်းတွင် တက်ရောက်လာသူများကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် လေလုံးထွားနေသော်လည်း လက်တွေ့တွင် အာဏာသိမ်းစစ်တပ်သည် လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲတွင် အရေးမလှ ဖြစ်နေသည်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မင်းအောင်လှိုင်၏ မိန့်ခွန်းကို တုံ့ပြန်ရင်း မှတ်ချက်ပြုသည်။

“တရားဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်သူက မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တစ်စုတို့ဖြစ်တယ်။ အရေးယူချင်ယူ ကျွန်တော်တို့တရားဝင်အစိုးရက အရေးယူဆောင်ရွက်ရမှာဖြစ်တယ်။ အခုလည်း NUGနဲ့ တိုင်းရင်းသားမဟာမိတ်တွေ ပူးပေါင်းပြီး နိုင်ငံတကာတရားရုံးမှာ မင်းအောင်လှိုင်တို့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေနဲ့ ပတ်သတ်ပြီးတော့ အရေးယူဖို့ ကြိုးစားနေတာတွေ ရှိတယ်။ NUGဆိုလည်း တရားဝင်အစိုးရ၊ PDFဆိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ EAOတွေဆိုတာလည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ရှိလာတဲ့ တော်လှန်ရေးအင်အားစုတွေကို သူ့ကိုယ်သူ တရားဝင်သယောင်လုပ်ပြီး အရေးယူဖို့ဆိုတာ ဖြစ်နိုင်စရာ ရှိမနေဘူး။ ဒီလိုပဲ ချေမှုန်းမယ် အရေးယူမယ်ဆိုပြီး ကြုံဝါးနေပေမယ့် တကယ်တမ်းကြတော့ သူ့တပ်ရင်းတစ်ရင်းလုံး ပြုတ်နေတဲ့ အနေအထားတွေပေါ့နော်” ဟု ၎င်းက မဇ္စျိမကို ပြောသည်။

“ယုတ်မာတဲ့ စိတ်ဓာတ်တွေ အသုံးပြုမယ့် စစ်အုပ်စုရဲ့ ကြိုးပမ်းမှုတွေက ကျရှုံးပါလိမ့်မယ်။ သူတို့အနေနဲ့ ကိုယ့်တပ်ကို စည်းရုံးဖို့ ကသုတ်ကရက် ကြိုးပမ်းနေရတာကို ကြည့်မယ်ဆိုရင် သူတို့ ကြောက်နေတယ်ဆိုတာကို ပြသနေပါတယ်” ဟု ကျောက်ဆည်ခရိုင် တပ်ရင်း-၁ (နဂါးနီတပ်ရင်း) မှ တပ်ရင်းမှူး သူရ(နဂါးနီ)က ပြောသည်။

“အချောင်ရမယ် အထင် ယုတ်မာတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်သမျှတွေက ကျဆုံးခန်းရောက်နေပြီ ဆိုတာ သေချာလို့ အရူးချီးပန်းလျှောက်ပြောနေတာပါ။ သူ့တပ်ကိုလည်း သူစည်းရုံးတဲ့သဘောပါဘဲ။ သူတို့ တော်တော်ကြောက်နေပါပြီ။ အဲ့လိုဘဲ သူတို့ ရှုံးတော့မယ်ဆိုတာလည်း အသေချာ သိနေလို့ပါ။ ကျွန်တော်တို့ အောင်မြင်မှုနဲ့ မဝေးတော့ဘူးဆိုတာ သိသာတဲ့ အချက်တစ်ခုပါ” ဟု သူရ(နဂါးနီ)က မဇ္စျိမကို ပြောသည်။

စစ်အုပ်စု၏ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဝေဖန်ပြစ်တင်ခဲ့ပြီး စစ်အုပ်စု၏ လုပ်ရပ်များနှင့် ကတိကဝတ်များက အထမြောက်အောင်မြင်ခြင်း မရှိဟု ပြောသည်။
“ဖက်စစ်တော်လှန်ရေးနေ့မှာ လူမိုက်စကားပြောသွားတာ တွေ့ရတယ်။ သူတို့မိန့်ခွန်းကတော့ ဘာမှတော့ မထူးဆန်းဘူး။ လူသတ်မယ်လို့ ခြိမ်းခြောက်သွားတာပါပဲ။ သူအရင်နှစ်ကပြောခဲ့တဲ့ ငြိမ်းချမ်းရေးနှစ်ဆိုတာကရော ဘယ်မှာငြိမ်းချမ်းလဲ။ လူထုကိုပိုခြောက်လန့်လာတာပဲ ရှိတယ်။ ဒါကြောင့် သူတို့ပြောဆိုနေတာတွေ လုပ်ကိုင်နေတာတွေက အောင်မြင်စရာအကြောင်း လုံးဝမရှိဘူးလို့သာ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ စစ်တပ်သည် မြို့ကြီးများတွင် ထိန်းချုပ်ထားကောင်း ထားနိုင်သော်လည်း ၎င်းတို့သည် တော်လှန်ရေးအဖွဲ့များ ဆက်လက်အားကောင်းဆဲဖြစ်သည့် ကျေးလက်ဧရိယာများတွင် ဩဇာနှင့် လွှမ်းမိုးမှု ဆုံးရှုံးနေပြီဟု ရန်ကုန်တွင် အခြေပြုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်ရဲ့ စစ်တပ် အပြည့်အဝ ထိန်းချုပ်နိုင်တာဆိုလို့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေပဲ ရှိတယ်။ ကျေးလက် ဧရိယာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတယ်ဆိုတာကို လူတိုင်း သိတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ စစ်တပ်ကတော့ အရင်ကထက် ပိုပြီး အားနည်းလာနေပါပြီ။ ဒါကြောင့် သူတို့က စကားလုံးတွေနဲ့ ခြိမ်းခြောက်တာပါ” ဟု အဆိုပါ တက်ကြွလှုပ်ရှားသူက ပြောသည်။

သို့သော် တပ်မတော် (စစ်တပ်) တွင် ခေတ်မီလက်နက်များ ပိုင်ဆိုင်ထားကြောင်းနှင့် စစ်တပ်အတွင်း စည်းလုံးညီညွတ်စေရန် လုပ်ဆောင်နေကြောင်း စစ်ကောင်စီခေါင်းဆောင်က မိန့်ခွန်းတွင် ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)------------------------
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly