ရခိုင်တွင် စစ်ကောင်စီက အင်အားဖြည့်တင်းလျက်ရှိ

By မီးမီး မဇ္ဈိမ
29 March 2023
ရခိုင်တွင် စစ်ကောင်စီက အင်အားဖြည့်တင်းလျက်ရှိ

တိုက်ပွဲများရပ်တန့်နေသည့် ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲရပ်တန့်နေသည့်မှာ လေးလခန့်ကြာမြင့်နေပြီ ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု တက်ကြွလှုပ်ရှား သူတစ်ဦးက ဆိုသည်။

“သူတို့ကတော့ အမြဲတမ်း လူအင်အားဖြည့်လိုက်၊ ဆန်တွေဆီတွေဖြည့်လိုက် လုပ်နေတာကိုတွေ့ရတယ်။ ရေတပ်မှာလည်း မနေ့က စစ်တွေဖက်မှာ ရေတပ်သင်္ဘောတစ်စီး ရိက္ခာအပြည့်နဲ့ရောက်နေတာရှိတယ်။  ကြည့်ရတာ တိုက်ပွဲဖြစ်မယ်ဆိုရင် အဆင့်သင့်အနေအထာအဖြစ် နေရာယူထားလည်းဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေကပြုလုပ်သည့် ရက္ခိုင့်တပ်တော် (ULA/AA) ၏ သတင်းစာရှင်းလင်း ပွဲတွင်လည်း အာဏာသိမ်းစစ်တပ်အနေဖြင့် ရခိုင်ပြည်နယ်တွင် စစ်ရေးအရ တစ်ဖက်တွင်အပစ်အခတ် ရပ်စဲထားသော်လည်း တခြားတစ်ဖက်တွင် စစ်အင်အားဖြည့်တင်းခြင်းများကို လုပ်ဆောင်နေသည်ဟု  ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

“လက်ရှိ ရခိုင်ပြည်နယ်မှာ သေနတ်သံတွေတိတ်နေပေမယ့် အာမခံချက်အပြည့်ရှိတယ်လို့ ပြောလိုမရ သေးပါဘူး။ မြန်မာစစ်တပ်အနေနဲ့ နည်းဗျူဟာအရ တစ်ဖက်မှာအပစ်ရပ်ထားပေမဲ့ အခြားတစ်ဖက်မှာ စစ်ရေးအရ လက်နက်၊ လူ၊ ရိက္ခာအင်အားတွေဖြည့်တင်းနေတာကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေပါ တယ်” ဟု ပြောဆိုထားသည်။

ရခိုင်ပြည်သူများအနေဖြင့်လည်း သွားလာရေးအပိုင်းများတွင် စစ်ဆေးမှုများနှင့် ကန့်သတ်ချက်များကို  ယနေ့အချိန်ထိ ကြုံနေကြရဆဲဖြစ်သည်။

“နယ်ကနေ စစ်တွေကို စျေးတွေဘာတွေသွားဝယ်ရင်လည်း မှတ်ပုံတင်ဆောင်ထားရတယ်။ ရေကြောင်း မှာလည်း မှတ်ပုံတင်ကို ပြရတယ်။ ပုဏ္ဏားကျွန်းဖက်ကသွားရင်လည်း စစ်သင်္ဘောတစ်စီးရပ်ထားပြီး အဲဒီ ကနေခေါ်ပြီးတော့ စစ်ချင်တဲ့အချိန် စစ်တာပါပဲ။ သွားရေးလာရေးကတော့ အခက်အခဲနဲ့ကြုံရတယ်။ စစ်ဆေးမှုတွေရှိတော့ ကြောက်နေရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဆို သည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထားခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်တွင် ဒေသတည်ငြိမ်နေသည်ဟုဆိုကာ စစ်ဘေးရှောင်များအား အိမ် ထောင်စုတစ်စုလျှင် ငွေကျပ်ခြောက်သိန်းပေးကာ နေရပ်ပြန်ခိုင်းနေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ဘေးရှောင် ၇၀,၀၀၀ ခန့်ရှိနေသည်။

ယင်းအနက်မှ ၂,၀၀၀ ခန့်မှာ စစ်ကောင်စီမှ နေရပ်ပြန်ရန်ဖိအားပေးသည့်အတွက် စိုးရိမ်မှုများနှင့်နေရပ် သို့ပြန်နေကြပြီး အချို့မှာ တိုက်ပွဲပြန်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက်  မပြန်သေးသည့် စစ်ဘေးရှောင် များလည်း ရှိနေကြသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly