မြိတ်မှာ အရပ်ဝတ်နဲ့လူတွေက ဆိုင်ကယ်တွေကို ရပ်ကွက်ထဲအထိ  ဝင်ရောက်ဖမ်းဆီး 

By ကိုရွှေမြိတ်(မဇ္ဈိမ)
29 March 2023
မြိတ်မှာ အရပ်ဝတ်နဲ့လူတွေက ဆိုင်ကယ်တွေကို ရပ်ကွက်ထဲအထိ  ဝင်ရောက်ဖမ်းဆီး 

တနင်္သာရီတိုင်း မြိတ်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် အမျိုးသား နှစ်ဦး ဆိုင်ကယ် စီးနင်းသွားလာသူများကို အရပ်ဝတ်နှင့် လူများက ကားနှင့် တိုက်၍ လိုက်လံဖမ်းဆီးမှုများသည် ယခု ရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများနှင့် ဆိုင်ကယ် ကယ်ရီမောင်းသူများထံမှ သိရ သည်။ 

မြိတ်တောင်ကျေးရွာ ဇေယျာသိရိ (၃) ရပ်ကွက် အောင်မင်္ဂလာစျေးအနီး ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသူ တစ်ဦးက “ဖမ်းဆီးမှုတွေကတော့ အမြဲတမ်းရှိပါတယ်၊ ဆိုင်ကယ် ကယ်ရီက အခုဆိုရင် အမျိုးသမီးနဲ့ ကလေးငယ်တွေပဲ တင်လို့ရတယ်၊ အမျိုးသားတွေဆိုရင် လုံး၀ မတင်ရဲဘူး ဖမ်းဆီး ကြမ်းနေလို့ ဖြစ်တယ်”ဟု ပြောသည်။ 

ထိုသို့ ဆိုင်ကယ် ဖမ်းဆီးမှုသည် ယခင်က စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲများက ဂိတ်ချဖမ်းဆီးမှုရှိသလို စစ်ကား၊ အိမ်စီးကားနှင့် တိုက်ဖမ်းတာ ရှိရာမှ လက်ရှိတွင် ရပ်ကွက်ထဲက လမ်းကြို လမ်းကြားများတွင် အရပ်ဝတ် ဝတ်ဆင်သူများက ဆိုင်ကယ်များကို လိုက်လံဖမ်းဆီးနေကြောင်း မြို့ခံများထံမှ သိရသည်။ 

“အခုချိန်မှာ အခြား အလုပ်တွေလည်း ရှာလုပ်ဖို့ကမလွယ်ဘူး ရှိတဲ့အလုပ်ဆိုလို့ ဆိုင်ကယ် ကယ်ရီဆွဲတာပဲ ရှိတယ်၊ အမျိုးသားတွေ တင်လို့မရတော့ ဝင်ငွေတော့ အရင်လို မကောင်းဘူး”ဟု ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်းတွင် ဆိုင်ကယ် ကယ်ရီမောင်းသူ နောက်တစ်ဦးက ပြောသည်။ 

မြိတ်မြို့တွင် စစ်ကောင်စီက အာဏာမသိမ်းခင်က လူငယ်၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းအများစုသည် ဆိုင်ကယ် ကယ်ရီဆွဲလုပ်ငန်းကို ဒေသခံများ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဖြေရှင်းနေသည့် လုပ်ငန်း တစ်ခု ဖြစ်ပြီး လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးမှု ကြမ်းနေရာ စားဝတ်နေရေး ခက်ခဲလာကြောင်း ဒေသခံများထံမှ သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly