၂ နှစ်အတွင်း KNU နယ်မြေရှိ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုအကြိမ်ရေ ၁၀၀၀ နီးပါးရှိ 

By YT  ( မဇ္ဈိမ)
29 March 2023
၂ နှစ်အတွင်း KNU နယ်မြေရှိ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုအကြိမ်ရေ ၁၀၀၀ နီးပါးရှိ 

စစ်ကောင်စီအာဏာသိမ်းကာလ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများရှိ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှု အကြိမ်ရေသည် ၈၉၉ ကြိမ်အထိရှိနေပြီဖြစ်ကြောင်း KNU မှ ထုတ်ပြန်သော အစီရင်ခံစာအရသိရသည်။ 

ထိုအကြိမ်ရေသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ KNU လူ့အခွင့်အရေးကော်မတီ၊ သုတေသနနှင့် မှတ်တမ်းဌာနခွဲမှ ကောက်ယူထားသော ဒေတာအချက်အလက်များအရဖြစ်ကြောင်း KNU မှ ထုတ်ပြန်ခဲ့သည့် "မြန်မာစစ်တပ်​၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ" အစီရင်ခံစာအရ သိရသည်။ 

နှစ်နှစ်အတွင်း ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုသည် KNU တပ်မဟာ (၅) မူတြော်ခရိုင် (ဖာပွန်ခရိုင်) တွင် အကြိမ်ရေ ၄၀၀ ကျော်အထိ ရှိခဲ့ပြီး တပ်မဟာ (၁) ဒူးသထူခရိုင် (သထုံခရိုင်) တွင် အကြိမ်ရေ ၂၀၀ နီးပါးရှိခဲ့ပြီး ၆၀မမ၊ ၁၂၀ မမ၊ RPG အစရှိသော လက်နက်ကြီးများအား အသုံးပြုကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ကောက်ယူခဲ့သော မှတ်တမ်းများအရ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေသခံ ၁၂၀ ဦး သေဆုံးခဲ့ရပြီး ၃၂၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံနေအိမ်များအပါအဝင် အဆောက်အဦပေါင်း ၄၀၀ နီးပါးရှိခဲ့ကြောင်း အစီရင်ခံစာအရသိရသည်။ 

ဒါ့အပြင် ၂၀၂၃ ခုနှစ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုအများဆုံးတပ်မဟာသည် KNU တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်တွင်ဖြစ်ကြောင်း အစီရင်ခံစာမိတ်ဆက်ပွဲအခမ်းအနားတွင် KNU စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ စောသော်မိုးအယ်က ပြောကြားခဲ့သည်။ 

" ညတိုင်းနီးပါးပစ်တာ။ အခုရက်တွေထဲမှာလည်း တူတူပါပဲ တောက်လျှောက်ကိုပစ်တာ။ တစ်ညကို လေးလုံး၊ ငါးလုံး ပုံမှန်ပစ်တယ်။ သူတို့စစ်ကြောင်းထိုးလာတဲ့အခါဆိုလည်း ကျွန်မတို့ရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဓိကအပစ်ဆုံးကတော့  သိမ်ဇရပ် ခမရ- (၂၀၇)၊ အမတ(၃၁၀) အမြောက်တပ်ပေါ့နော်၊ အဲ့ဒီကနေ ပစ်တာများတယ်၊ ၂၇ ရက်နေ့ကတော့ လက်ပံပင်က ပစ်တယ်ကြားတယ်။ လူသေတာလည်းရှိတယ် " ဟု KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေတွင် နေထိုင်သော ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ညနေပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်လမ်းခွဲတွင် အထိုင်ချနေသော စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မဲရုံးလေးကျေးရွာအနီးရှိ ရွှေတွင်းတစ်ခုတွင် အလုပ်လုပ်နေသော ဒေသခံအမျိုးသား နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ရခဲ့ကြောင်း KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။ 

"၂၇ ရက်နေ့ နေ့လယ်ပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့က မရမ်းချောင်စစ်ဆေးရေးဂိတ်နဲ့ လက်ပံပင်လမ်းခွဲက စစ်ကောင်စီစခန်းကို ဒရုန်းတွေနဲ့ သွားတိုက်ခိုက်ခဲ့တာရှိတယ်။ အဲ့ဒါကြောင့် ရွာတွေထဲ ညနေပိုင်းလောက်ကနေ စပြီး လက်နက်ကြီးနဲ့ပစ်တာ။ အဲ့ဒီမှာ ရွှေတွင်းထဲ အလုပ်လုပ်နေတဲ့ လူသုံးယောက်ထိတာ။ သက်ကြီးပိုင်းတစ်ယောက်ကတော့ စိုးရိမ်ဒဏ်ရာရထားတယ်။ ကျန်နှစ်ယောက်ကတော့ ဆုံးသွားပြီ" ဟု ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

KNU တပ်မဟာနယ်မြေများတွင် စစ်ကောင်စီ​တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုမြောက် လူသားမျိုးနွယ် မျိုးတုံးသတ်ဖြတ်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်ပေါင်း ၁,၅၀၀ နီးပါးရှိခဲ့ကြောင်း "မြန်မာစစ်တပ်​၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ" အစီရင်ခံစာတွင် တွေ့ရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly