ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို စစ်တပ်က ဖျက်သိမ်းလိုက်သည့်နောက် ဒီမိုကရေစီသို့ ပြန်သွားရေးအတွက် ကုလသမဂ္ဂ တိုက်တွန်း 

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို စစ်တပ်က ဖျက်သိမ်းလိုက်သည့်နောက် ဒီမိုကရေစီသို့ ပြန်သွားရေးအတွက် ကုလသမဂ္ဂ တိုက်တွန်း 

 မြန်မာနိုင်ငံတွင် ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအား ဖျက်သိမ်းလိုက်သည့်နောက်တွင် နိုင်ငံတွင်း၌ ဒီမိုကရေစီသို့ ပြန်သွားရေးကို ကုလသမဂ္ဂ တိုက်တွန်းပြောဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်၏ ပြောခွင့်ရသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောဆိုသည်။ 

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ဖျက်သိမ်းသည့်အကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းခြင်းကို ဒူဂျာရစ်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြီး “ဒါဟာ ကျွန်တော်တို့ မဖြစ်ချင်တဲ့ ဦးတည်ရာဆီ ‌ရှေ့ဆက်တိုးတာပဲလို့ ကျွန်တော် ထင်ပါတယ်”ဟု ပြောဆိုသည်။ 

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ထွန်းကားရေးကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရဆဲ အခြားသူတွေကို ပြန်လွှတ်ပေးတာ မြင်ချင်တယ်၊ ဒီအတွက် ကျွန်တော်တို့ ရှေ့ဆက်တိုး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

မြန်မာစစ်တပ် ထိန်းချုပ်သော ရွေးကောက်ပွဲကော်မရှင်က ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ရွေးကောက်ပွဲ ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ခြင်း မရှိ၍ ဖျက်သိမ်းမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံကို ကိုးကားပြီး အယ်ဂျာဇီးယားက သတင်းဖော်ပြသည့်နောက် ဒူဂျာရစ်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မှတ်ပုံတင်ရန် သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သည့် နိုင်ငံရေးပါတီ ၄၀ ကြားတွင် NLD လည်း ပါဝင်ကြောင်း အယ်ဂျာဇီးယားက မြဝတီရုပ်မြင်သံကြားကို ကိုးကားပြီး ဖော်ပြသည်။ 

မြန်မာစစ်ကောင်စီက ကျင်းပမည်ဟု ကတိပြုထားသော ရွေးကောက်ပွဲများ မတိုင်မီ တင်းကျပ်သော ရွေးကောက်ပွဲ ဥပဒေအောက်၌ ပြန်လည်မှတ်ပုံတင်ရန် နိုင်ငံရေးပါတီများအား ဇန်နဝါရီအစောပိုင်းက စစ်ကောင်စီက အချိန်နှစ်လ ပေးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲသည် လွတ်လပ်မည်လည်း မဟုတ်သကဲ့သို့ မျှတမည်လည်း မဟုတ်ကြောင်း အတိုက်အခံများက ပြောကြသည်။ 

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်းနှင့် ယင်းသည် တရားမဝင်ကြောင်း NLD ပါတီက ပြောဆိုထားသည်။ “နိုင်ငံရေးခေါင်း‌ဆောင် အများစုနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံထားရပြီး စစ်တပ်က ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ကျွန်တော်တို့ လုံးဝ လက်မခံဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ရွေးကောက်ခံလွှတ်တော်အမတ် ဦးဘိုဘိုဦးက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required