ရွာငံ၌ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံနေအိမ်များအား မွှေနှောက်၍ နေအိမ်မီးရှို့သွား

By ဂျူနို (မဇ္စျိမ)
29 March 2023
ရွာငံ၌ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံနေအိမ်များအား မွှေနှောက်၍ နေအိမ်မီးရှို့သွား

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တစ်ဝိုက်ကို စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံနေအိမ်များအား မွှေနှောက်ကာ နေအိမ် တစ်လုံးကို မီးရှို့သွားကြောင်း ဒေသခံများထံက သိရသည်။ 

ရွာငံမြို့နယ်၊ ငှက်သောက်ကျေးရွာ၌ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး လူနေအိမ်များကို မွှေနှောက်သွားခဲ့ပြီး ပစ္စည်းများယူဆောင်သွားသည့်အပြင် နေအိမ် တစ်လုံးကိုလည်း မီးရှို့သွားကြောင်း ဒေသခံများထံက သိရသည်။ 

အဆိုပါ စစ်ကောင်စီတပ် မီးရိူ့သွားသည့် နေအိမ်မှာ ကိုဇော်ဆိုသူ၏ နေအိမ်ဖြစ်သည်ဟု  ဒေသခံများထံကသိရသည်။ 

ကိုဇော်မှာ ရွေးကောက်ပွဲကာလ NLD ပါတီ စည်းရုံးရေးတာဝန်ယူခဲ့သူဖြစ်ပြီး အာဏာသိမ်းချိန်ကစ၍ နေအိမ်မှ ရှောင်တိမ်းနေသူဖြစ်ကြောင်း ဒေသခံများထံကသိရသည်။ 

“ရွာထဲကလူမရှိတဲ့ အိမ်တွေကို ဝင်ရောက်မွှေနှောက်သွားပြီး တန်ဖိုးကြီးပစ္စည်းတွေဝင်ယူသွားတယ်။ ၁၀ အိမ်လောက်တော့ရှိမယ်။ ကိုဇော့်အိမ်ကိုလည်း မီးရှို့သွားတယ်။” ဟု ရွာငံဒေသခံတစ်ဦးကပြောသည်။ 

စစ်ကောင်စီတပ်မှ ဝင်ရောက်မွှေနှောက်သွားသည့် လူနေအိမ်အရေအတွက်နှင့် ယူဆောင်သွားသည့်ပစ္စည်း တန်ဖိုးပမာဏများကိုမူ မဇ္စျိမကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ရှမ်းတောင်အခြေစိုက် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ဖြစ်သည့်  ချိုးဖြူ တော်လှန်ရေးတပ်ဖွဲ့(JPRF) မှ  မြို့ပြစစ်ဆင်ရေး ဒုတိယအကြိမ်(” Second Round”) စတင်ကြောင်း မတ်လ ၂၀ ရက်နေ့က ကြေညာခဲ့သည်။ 

ထိုသို့ကြေညာပြီးနောက်တွင် ရွာငံမြို့နယ်တဝိုက် စစ်ကောင်စီတပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့(JPRF) မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“ချိုးဖြူတပ်ဖွဲ့အနေနဲ့ မြို့ပြစစ်ဆင်ရေး (Second round )ကြေညာပြီးနောက် ရွာငံဘက်မှာစကစတွေခြေရှုပ်နေပါတယ်။ နွားဘန်းကြီးနဲ့ ငှက်သောက်ဘက်ကိုလည်း စစ်ကြောင်းထိုးနေပါတယ်။” ဟု   ချိုးဖြူ တော်လှန်ရေးတပ်ဖွဲ့(JPRF) မှ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။ 

ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းကဒေသခံ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှိူ့ဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required