မတ် ၂၂၊ လက်စတာ။ ။ လက်စတာကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခေါ်ယူခြင်း ခံရသည့်အတွက် အံ့သြဝမ်းသာမိကြောင်း ပြောဆိုလိုက်သည်။
ကန်တီသည် ယခုနှစ်ရာသီတွင် လက်စတာအသင်း၏ကွင်းလယ်တွင် ခြေစွမ်းပြ ကစားလျက်ရှိသည့်အတွက် ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်ချမ့်က နယ်သာလန်၊ ရုရှတို့နှင့် ကစားမည့် ခြေစမ်းပွဲများအတွက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိကန်တီသည် ပြီးခဲ့သည့် သြဂုတ်လကမှ ပြောင်းရွှေ့ကြေး ပေါင် ၅ ဒသမ ၆ သန်းဖြင့် လက်စတာအသင်းသို့ ကိန်းအသင်းမှ ရောက်ရှိလာသူ ဖြစ်သည်။ ကန်တီသည် ပြင်သစ်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခံရခြင်း ဖြစ်ပြီး ယခုလတွင် ရွေးချယ်ခံရမည့်ဟု မမျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။
'တိုးတက်မှုက အရမ်းမြန်ဆန်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ အတွေ့အကြုံသစ်တွေ ရရှိပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရပါတယ်။ ဒါတွေကို တစ်ဆင့်ချင်းပဲ ကျော်ဖြတ်ပါတယ်။
ကျွန်တော်တတ်နိုင်သလောက် အကောင်းဆုံးပေးဆပ်ကစားခဲ့လို့ ယနေ့ အဖြစ်အပျက်တွေကို မြင်တွေ့ရပါပြီ။ ကျွန်တော့်ရဲ့ နာမည်ကို ပြင်သစ်အသင်းလူစာရင်းမှာ တွေ့ရလို့ တကယ်ကို ပျော်ရွှင်မိပါတယ်။ ဒီနေ့ ဒီအဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်လို့ တကယ်ကို ကျေနပ်ပါတယ်' ဟု ကန်တီက ပြောသည်။
ကန်တီသည် လက်စတာအသင်းတွင် ဖျက်ထုတ်မှုအကြိမ်ပေါင်း ၁၃၁ ကြိမ် ပြုလုပ်ထားနိုင်ပြီး ယင်းမှာ ဥရောပရှိ အခြားကစားသမားများထက် ပိုမိုသည့် အရေအတွက် ဖြစ်သည်။