မြဝတီမြို့တွင် HONDA Showroom မရှိပါ

By ဂျူချန်း (မဇ္ဈိမ)
28 March 2023
မြဝတီမြို့တွင် HONDA Showroom မရှိပါ

HONDA အမည်ကို အသုံးပြုကာ ဖေ့စ်ဘုတ်တွင် လိမ်လည်မှုများ ရှိနေကြသည်။
ဖေ့စ်ဘုတ်တွင် “Honda Myanmar Showroom” ၊ “Honda Myanmar” ၊ “Honda Motorcycle Showroom” ၊ “Honda Motorcycle Showroom” ၊ “Honda Myanmar Myawadi Showroom” စသည့် အမည်များဖြင့် မြဝတီမှ Honda Showroom အယောင်ဆောင်ကာ မော်တော်ဆိုင်ကယ်ပုံများဖြင့် လိမ် လည်နေကြကြောင်း တွေ့ရသည်။
လင့် https://bit.ly/3noZHTO , https://bit.ly/42OtOo3 , https://bit.ly/3FXdQhg , https://bit.ly/40D2ZRI , https://bit.ly/42Ncpfq 

အဆိုပါဖေ့စ်ဘုတ်စာမျက်နှာများအနက် “Honda Myanmar” နှင့် “Honda Motorcycle Showroom” တို့မှာ ကြိုက်နှစ်သက်သူ ၃၀၀,၀၀၀ နှင့်အထက်ရှိနေပြီဖြစ်ပြီး အခြားစာမျက်နှာများတွင်လည်း ထို့နည်း တူ ဆိုင်ကယ်များအား အမှန်တကယ် ရောင်းဝယ်နေကြသယောင် ဆိုင်ကယ်ပုံ၊ ကားပုံများ၊ ဝယ်သူများ အားပို့ပေးသည့်ပုံများဖြင့် ပရိုမိုးရှင်းများလည်း ပြုလုပ်လျက်ရှိနေသည်။ 

၎င်းတို့ စာမျက်နှာများတွင်ဖော်ပြထားသည့် ဆိုင်ကယ်နှင့် ကားဈေးနှုန်းများမှာ ဈေးနှုန်းချိုသာသဖြင့် စိတ်ဝင်စားသူအများအပြားရှိရာ မှတ်ချက်များတွင်လည်း အခြားမြို့များမှဒေသခံများက  နယ်မြို့များသို့ “ပို့ပေးနိုင်မလား၊ လိုင်စင်ပါလား၊ အိမ်အရောက်ငွေချေရလား” စသည်ဖြင့် မေးမြန်းမှုများ ရှိနေသည်။ ၎င်းတို့မှ ပို့ပေးမည်ဖြစ်ကြောင်းနှင့် အသေးစိတ်ကို ဖုန်းဆက်မေးနိုင်ကြောင်းနှင့် messenger တွင် ပြောပြ မည်ဖြစ်ကြောင်း ပြန်လည်အကြောင်းပြန်မှုများ ရှိသည်။ 

ထိုအကြောင်းအရာကို မဇ္ဈိမှ စစ်ဆေးခဲ့ရာ ဖေ့စ်ဘုတ်စာမျက်နှာအတုများဖြင့်လိမ်လည်နေကြောင်းနှင့် အလိမ်ခံရသူများလည်းရှိကြောင်း တွေ့ရသည်။
“Honda Motorcycle Showroom” ဟူသည့် ဖေ့စ်ဘုတ်စာမျက်နှာမှ မြန်မာကျပ်ငွေ  ၄၅ သိန်း အလိမ်ခံလိုက်ရသူတစ်ဦးအား မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်ငွေလွှဲပြီးတာနဲ့ အဲဒီညကတော့ စကားပြောလို့ ရသေးတယ်။ နောက်နေ့မနက်ကျတော့ စာပို့လိုက်တာ မရတော့ဘူး။ ကျနော်ကအခု ဂျပန် မှာ အလုပ်လုပ်နေတာ။ ကျနော့်ဇာတိက ကလေးမြို့ကပါ။ ကျနော့်အိမ်ကို ပို့ပေးမယ်တဲ့၊ အိမ်လိပ်စာ အတိအကျပြောဆိုတော့ ကျနော်တို့အိမ်က ကလေးမြို့ကဆိုတော့ နည်းနည်းတောကျလို့ တောကလူတွေ လိမ်လို့ရပါတယ်ပုံစံနဲ့ လိမ်တာထင်တာပဲ။ ငွေလွှဲပြီး ညပိုင်းမှာ စိတ်ကတစ်မျိုးကြီး မလုံမခြုံဖြစ်နေတာ ပေါ့နော့်။ အဲ့ဒါနဲ့ ကိုယ်ဝယ်ထားတဲ့ပစ္စည်း  video call နဲ့ ကြည့်ခွင့်ပေးပါပြောတော့ ကုမ္မဏီစည်းကမ်း အရ မရလို့နားလည်ပေးပါပြောတော့ ကျနော်လည်း ဘာမှမပြောတော့ဘူး။မနက်ကျ ဆက်သွယ်လို့မရ တော့ဘူး” ဟု ငွေလိမ်ခံရသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
၎င်းသည် မတ်လ ၂၄ ရက်နေ့တွင် ဆိုင်ကယ်ဖိုးအနေဖြင့် KYAW KYAW MIN (09952287663) K pay အကောင့်သို့ ငွေကျပ် ၄၅ သိန်း လွှဲပေးခဲ့ရပြီးနောက် အလိမ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို HONDA ဆိုင်ကယ်အရောင်းပြခန်းနှင့် ပတ်သက်၍ မြဝတီမြို့ခံများအားမေးမြန်းခဲ့ရာ လွန်ခဲ့သည့် ၂၀၁၈ မတိုင်ခင်နှစ်များအထိ HONDA Showroom ရှိခဲ့သော်လည်း လက်ရှိတွင် မည်သည့် HONDA Showroom မှ မရှိတော့ကြောင်း ပြောသည်။
 
“ရွှေမြဝတီဈေးမှာ အရင်တုန်းကမရှိပါဘူး။ အာရှလမ်းမမှာပဲ ရှိခဲ့တာပါ။ တွေ့သမျှဖိုင်တွေကို လိုက်ပြီး တော့ လျှောက်တင်နေကြတာ။ လိမ်နေကြတာပေါ့။ HONDA Showroom ဆိုတာ မရှိပါဘူး။ HONDA သူဌေးက ပြန်သွားပြီ။ အဲ့ဒါကြီးကို သုံးပြီးတော့ လိမ်စားနေတာ။ ကိုဗစ်မဖြစ်ခင် ရှေ့မှာတည်းကကိုပိတ် သွားပြီ။ HONDA Showroom ဆိုတဲ့နာမည်နဲ့ မရှိဘူး။ အဲဒါက အလိမ်ကြီး” ဟု မြဝတီမြို့တွင် နေထိုင်သူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် မြဝတီတွင် ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်နေသည့် မြို့ခံတစ်ဦးကလည်း “မြဝတီမှာ HONDA Showroom ဆို အလိမ်ပေ့ချ်ဆိုတာ အကုန်လုံးကသိတယ်။ HONDA Showroom က လိုင်းမှာ ခဏခဏပဲ လေ။ ဒါပေမယ့် နယ်ကလူတွေတော့ လိမ်ခံထိတယ်။ HONDA Showroom ပိုစ့်က သုံးလေးငါးလနေရင် တစ်ခါ တက်တက်လာတယ်။ အဲဒီလိုတက်လာပြီဆို မြဝတီဟစ်တိုင်မှာ ဝိုင်းဆဲကြပြီ” ဟု ပြောသည်။ 
အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာများမှ ဖော်ပြထားသည့် ဖုန်းနံပါတ်များအနက် “Honda Myanmar Showroom” မှ +95 9 958 428153 ဆိုသည့် နံပါတ်အား ဆိုင်ကယ်ဝယ်မည်ဟုဆက်သွယ်ခဲ့ရာ “ဆိုင် ကတော့ အခု အမ မလာခင်ဖွင့်ထားတယ်။ အမလာရင် ဆိုင်ပိတ်တော့မှာ။ ကျနော်တို့ သင်္ကြန်ရက်လည်း ဖြစ်နေလို့ သင်္ကြန်ပြီးမှပဲ လာရင်လာခဲ့လိုက်တော့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
တဖန် ယင်းဖုန်းနံပါတ်အား မဇ္ဈိမသတင်းဌာနမှ ဆက်သွယ်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုရာတွင် ချက်ချင်း ဖုန်းချသွားခဲ့သည်။  

အခြား ဖေ့စ်ဘုတ်စာမျက်နှာများဖြစ်သည့် “Honda Myanmar ” တွင် +95 9 751 485061 ၊ “Honda Motorcycle Showroom” တွင် +95 9 942 159917 ၊ +95 9 950 830355 ၊ “Honda Myanmar Myawadi Showroom” တွင် +95 9 960 828142 တို့ဖြင့် ဖုန်းနံပါတ်များဖော်ပြထားပြီး HONDA အမည်တူသော် လည်း ဖုန်းနံပါတ် အမျိုးမျိုး အမည်အမျိုးမျိုးဖြင့် ဖော်ပြနေကြခြင်းဖြစ်သည်။

ထို့ကြောင့် မြဝတီမြို့၌ HONDA Showroom လုံးဝမရှိဘဲ HONDA Showroom အမည်များဖြင့် ဖေ့စ်ဘုတ်စာမျက်နှာများဖွင့်ကာ ဆိုင်ကယ်နှင့်ကားပုံများဖြင့် လိမ်လည်နေကြခြင်းဖြစ်ကြောင်း ဖော်ပြ လိုက်ရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly