ရာမဒန်ဥပုသ်လ စတင်ချိန်တွင် တရုတ်နိုင်ငံမှ မွတ်စလင်များ အစာရှောင်မှု တားမြစ်ခံရကာ စောင့်ကြည့်ခြင်းနှင့် ဖမ်းဆီးခြင်းများ ကြုံတွေ့နေရ

By RFA
28 March 2023
ရာမဒန်ဥပုသ်လ စတင်ချိန်တွင် တရုတ်နိုင်ငံမှ မွတ်စလင်များ အစာရှောင်မှု တားမြစ်ခံရကာ စောင့်ကြည့်ခြင်းနှင့် ဖမ်းဆီးခြင်းများ ကြုံတွေ့နေရ

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များသည် ရာမဒန်ဥပုသ်ကာလကို စတင်နေချိန်မှာ တရုတ်နိုင်ငံမှ မွတ်စလင်များသည် ဥပုသ်မစောင့်ရန် တားမြစ်မှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေး ဓလေ့ထုံးတမ်းများမှာ ပိုမိုတိုက်ခိုက်ခံလာရသည်။

အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါများအား ကလေးများကို အစာရှောင်ခွင့်မပြုရန် အမိန့်ထုတ်ထားသလို မိဘများ ဥပုသ်စောင့်ခြင်း ရှိ၊ မရှိ အာဏာပိုင်များက ကလေးများကို စုံစမ်းမေးမြန်းနေကြောင်း ဒေသဆိုင်ရာ အရာရှိများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ရာမဒန်လအတွင်း အာဏာပိုင်များသည် ရှင်ကျန်းရှိ ရွာပေါင်း ၁ ၈၁၁ တွင် ဝီဂါမိသားစုများအား ရှောင်တခင်စစ်ဆေးခြင်းအပါအဝင် ၂၄ နာရီပတ်လုံး စောင့်ကြည့်နေကြောင်း ကမ္ဘာ့ဝီဂါကွန်ဂရက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒဲလ်ရှက် ရီရှစ်က ပြောကြားခဲ့သည်။ 

ရာစုနှစ်ပေါင်းများစွာ မွတ်စလင်ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းလာခဲ့သော  တရုတ်နွယ်ဖွား တိုင်းရင်းသား ဟွေမွတ်စလင် ၁၁ ဒသမ ၄ သန်းသည် ကွန်မြူနစ်ပါတီ၏ ပြင်းထန်လွန်းသော ဘာသာရေးစည်းမျဉ်းများအောက်တွင် ဖယ်ရှားရှင်းလင်းခံရမည့် အန္တရာယ်ရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားသည်။

တရုတ်က ဟွေလူမျိုး မွတ်စလင်များအား အတင်းအကျပ် ပေါင်းစည်းခြင်းဖြင့် ဖြေရှင်းရမည့် ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း တရုတ်လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက် အပါအဝင် လူ့အခွင့်အရေးညွန့်ပေါင်းအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဟွေလူမျိုးများသည် ဖိနှိပ်မှုမခံရခင်က နေခဲ့ရသော လွတ်လပ်မှုမျိုးကို မရတော့ပေ။ သမ္မတရှီကျင့်ဖျင်သည် ယခုအခါ ၎င်း၏ တရုတ်ဇာတ်သွင်းမှုအစီအစဉ်အောက်၌ ခရစ်ယာန်၊ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအား ၎င်းတို့၏ ဘာသာရေးလှုပ်ရှားမှုများကို ပါတီထိန်းသိမ်းမှုနှင့်ဆင်ဆာအဖွဲ့သို့ တင်ပြရန် အတင်းအကျပ် ခိုင်းစေလျက် ဘာသာရေးဆိုင်ရာ ဝတ်ပြုမှုအပေါ် ထပ်မံ နှိပ်ကွပ်မှုများ စတင်လုပ်ဆောင်လာခဲ့သည်။ 

ဟွေမျိုးနွယ်စုဝင်များသည် ပါတီ၏ ကန့်သတ်ချက်များ ရှိနေသည့်ကြားမှ ဗလီအသိုက်အဝန်းများ၊ အာရဗီကျောင်းများနှင့် ပုဂ္ဂလိကဝတ်ပြုစင်တာများတွင် ပြောင်ပြောင်တင်းတင်း ဝတ်ပြုဆုတောင်းကြကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။  

သို့သော် သမ္မတရှီ လက်ထက်တွင် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များသည် အစ္စလာမ်မုန်းတီးရေး အဟောအပြောများ၏ လွှမ်းမိုးမှုကို ခံရကာ ရှင်ကျန်းတွင် အကြမ်းဖက်မှုတန်ပြန်ရေးလှုပ်ရှားမှု၏ ပစ်မှတ်များ ဖြစ်လာခဲ့ပြီး ဟွေတိုင်းရင်းသား ၁၀၀ ၀၀၀ ကျော်သည်  ဝီဂါများနှင့်အတူ ပြန်လည်ပညာပေးရေးစခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly