မတ်လရဲ့ ငွေရောင်အနားကွပ်

မတ်လရဲ့ ငွေရောင်အနားကွပ်
ရန်ကုန်မြို့ ၈မိုင် ဂုံးကျော်တံတားအား တွေ့ရစဉ်( ဓာတ်ပုံ -April Mg Mg Facebook Page  မှ ကူးယူဖော်ပြသည်။)
 

မတ်လရဲ့ နေမင်းဟာ အတော်ပြင်းပါတယ်။ (အယ်နီညို ရှိနေတယ်ဆိုတော့ ပိုဆိုးပေါ့) အဲသလို ပူတဲ့ မတ်လမှာ ဗမာပြည်ရဲ့ အရေးတော်ပုံ တော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။ ဖက်ဆစ် တော်လှန်ရေးနေ့၊ မှိုင်းရာပြည့်နေ့၊ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးတဲ့နေ့၊ တံတားနီနေ့၊ စတုတ္တ ကျောင်းသားသပိတ် လက်ပံတန်းမှာ အကြမ်းဖတ်ဖြိုခွဲ့ရတဲ့နေ့ စသဖြင့် မတ်လထဲမှာ တိုက်ပွဲဝင်နေ့ တွေ များလှပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင်တစ်ယောက် မှတ်ချက်ပြုခဲ့သလို နေပူလို့ သွေးဆူပြီး အရေးအခင်းတွေ ဖြစ်လေသလားတော့ မသိဘူးပေါ့။ ရုသျှကဗျာဆရာကြီး မာယာကော့စကီး ရေးခဲ့သ လို ပြက္ခဒိန်တွေကို သွေးနဲ့ အရောင်ချယ်ခဲ့တာပေါ့။ မတ်လထဲက အထိမ်းအမှတ်နေ့တိုင်းကိုသာ ရုံးပိတ်ရက် သတ်မှတ်ရရင်ဖြင့် (အနောက်တိုင်းသားတွေရဲ့ ဒီဇင်ဘာ ဟောလီးဒေးလို) ဗမာပြည်ရဲ့ မတ် ဟောလီးဒေး ဖြစ်သွားမှာပါ။ အော်.....မေ့ခဲ့တော့မလို့။ ဗမာပြည်ရဲ့ သက်တော်ရှည် နာတာရှည် ပြည်တွင်းစစ်ပွဲ စတင်ခဲ့တာလည်း ဟောဒီ မတ်လမှာပါပဲ ခင်ဗျာ။

တကယ်တော့ ၁၉၄၈ နောက်ပိုင်း မတ်လရဲ့ အရေးတော်ပုံကိစ္စ အဝဝဟာ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲတွေပါ။ ဒီမိုကရေစီ မရှိလို့ ငြိမ်းချမ်းရေး မရှိ၊ ငြိမ်းချမ်းရေးမရှိလို့ ဒီမိုကရေစီ မရှိနဲ့ လုံးလည်ချာလပတ် ရမ်းရင်း တိုင်ပတ်လာလိုက်တာ ယနေ့အထိပါပဲ။ (တပ်မပိုင်သေးတော့လည်း တိုင်ပတ်နေတာ သိပ်တော့ မဆန်းပါဘူး။) နှစ် ၆၀ ကျော် ပြည်တွင်းစစ် သမိုင်းကိုလည်း ပုဂံရာဇဝင်လို တုတ်ထမ်း၊ ဓားထမ်း ငြင်းခုံနေကြတာ အခုထိပါပဲ။ ဒါက နှစ် ၆၀ ကျော်မို့ ထားဦး၊ သမိုင်းအရ ပြောကြ ကြေးဆို မနေ့တစ်နေ့ကလို့တောင် ပြောလို့ရတဲ့ လွန်ခဲ့တဲ့ ၂၈ နှစ်က ကိစ္စကလည်း လွဲနေသေးရဲ့။ (၁၄.၃.၁၆) ရက်နေ့ထုတ် ပုဂ္ဂလိက သတင်းစာတစ်စောင်မှာ ကိုဖုန်းမော် ကျဆုံးတဲ့နေ့နဲ့ ပတ်သက်တဲ့ သတင်းကို ခုလို ဖော်ပြထားပါတယ်။ "မတ် ၁၃ ရက်နေ့သည် ၈၈ မျိုးဆက် စက်မှုတက္ကသိုလ်ကျောင်း သား ကိုဖုန်းမော်ကို လုံထိန်းများက ဝိုင်းဝန်း ရိုက်နှက်သဖြင့် ကိုဖုန်းမော် သေဆုံးခဲ့ရသော နေ့လည်း ဖြစ်သည်" တဲ့။

ခက်တော့ ခက်နေပါပြီ။ မတ်လ ၁၃ ရက်မှာ ကိုဖုန်းမော် ကျဆုံးတာ မှန်ပေမယ့် လုံထိန်းတွေ ဝိုင်းရိုက်လို့ သေတာမဟုတ်ပဲ၊ သေနတ်အပစ်ခံရလို့ဆိုတာကို သတင်းသမားတစ်ယောက် လုပ်နေပြီး တောင် မသိနိုင်တော့ဘူးလား။ သိပ်ခဲခဲယဉ်းယဉ်းလည်း မဟုတ်ပါဘူး။ သိဖို့ ကောင်းပါတယ်။ ဒီအတိုင်းသာဆို နောက်နောင်ကို ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဖက်ဆစ်ဂျပန်တွေ က ဓားနဲ့ခုတ်ပြီး ရန်ကုန်မြစ်ထဲ ပစ်ချလိုက်တယ်တု့ိ၊ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကို နယ်ချဲ့အင်္ဂလိပ်ရဲ့ မြင်းစီးပုလိပ်တွေက မြင်းနဲ့ တိုက်သတ်လိုက်တယ်လို့ ဆိုတာမျိုးတွေပါ သတင်း စာတွေမှာ ဖတ်လာရနိုင်ဖွယ် ရှိပါတယ်။ သမိုင်းကို ဖုံးအုပ်ထား ကွယ်ထား ဝှက်ထားတုန်းကတောင် အများသိအောင် လုပ်ခဲ့ကြ ဖော်ထုတ်ခဲ့ကြပြီး ခုခါမှ လွဲရတာကတော့ သတင်းသမား သမိုင်းရိုင်း လှပါတယ်။

ဖုံးထားဖိထားတယ်ဆိုလို့ ဖုံးမရ ဖိမရ မတ်လရဲ့ ကိစ္စတစ်ခုကို မောင်မှန် တင်ပြရဦးမယ်။ ဒီတစ်ခါတော့ သမိုင်းရေးဆိုင်ရာတွေ မဟုတ်ပါဘူး။ ရှစ်မိုင် ဂုံးကျော်တံတား အကြောင်းပါ။ ရှစ်မိုင် ခုံးကျော်ရဲ့ အက်ကြောင်းအစဟာ တံတားပေါ် ကားတွေ ဖြတ်သန်းခွင့်ပေးပြီး (တံတားဖွင့်တာ မဟုတ်သေးဘူးနော်)။ နောက်တစ်ရက်မှာပဲ ပေါ်ထွက်လာခဲ့ပါတယ်။ အင်တာနက် လူမှုကွန်ရက် တွေပေါ်မှာ ပျံ့နှံ့ခဲ့တာ အများသိပြီးဖြစ်မှာပါ။ ဓာတ်ပုံတွေအရဆို အခြေအနေ တော်တော်ဆိုးပါတယ်။ နောက်နေ့ထုတ် Daily Eleven သတင်းစာမှာလည်း သတင်းဓာတ်ပုံနဲ့တကွ ဖော်ပြလာခဲ့ပါတယ်။ မောင်မှန် ချဲ့ကားတာ မဟုတ်ပါဘူူး။ ဓာတ်ပုံထဲမှာ တံတား လက်ရန်ဘောင်က အက်ကြောင်းဟာ အတော်ကြီးတာပဲ။ ရှစ်မိုင်ဂုံးကျော်တံတားကြီးပေါ် ဘယ်သူတွေတက်ပြီး ရှူးပေါက်ကြတယ် မသိဘူး။ တံတားဆောက်တဲ့ ဝန်ထမ်းတွေပဲ ဖြစ်မျာပေါ့။ အရင် တံတားပေါ် ဘယ်သူမှ မတက်ရသေးတာမှ မဟုတ်တာ။ မောင်မှန်လည်း တံတားတွေ ရောကုန်ပါပြီ။ ဟိုတလောက ပုသိမ်ကြိုးတံတား နည်းနည်း နိမ့်သွားတာ တံတားပေါ် စည်းမဲ့ကမ်းမဲ့ ရှူးပေါက်ကြလို့မို့ မူလီတွေ သံချေးတက် ပြုတ်ထွက် နိမ့်ဆင်း သွားတာလို့ သက်ဆိုင်ရာက ဆိုပါတယ်။ ရှစ်မိုင်တံတားကိစ္စကို မောင်မှန် ပြန်စဉ်းစားတော့ အခုအက် နေတာ သံမှ မဟုတ်ဘဲ၊ မူလီတွေ ပြုတ်တာလည်း မဟုတ်ပြန်ဘူးလေ။ အင်္ဂတေ အက်နေတာ၊ အင်္ဂတေသည် ရှူးရှူးနဲ့ထိရင် အက်ကြောင်း ထင်တတ်ပါသလား။ မောင်မှန်မှာ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ မောင်မှန် စည်းကမ်းမဲ့စွာ ကပ်ပြီး အပေ့ါစွန့်ခဲ့တဲ့ အုပ်တံတိုင်းများစွာ ရှိပါတယ်။ မောင်မှန်မှ မဟုတ်ပါဘူး။ ရန်ကုန်သား အတော်များများပါ ပါပါတယ်။ ဘယ်လောက်တောင် စွန့်ခဲ့ကြ သလဲဆို အက်ကြောင်းထင်ရုံမက ပြိုကျလောက်ပါတယ်။ ဒါပေမဲ့ အုတ်တံတိုင်းတွေ ဘာမှမဖြစ်ခဲ့ကြ ပါဘူး။ ဒါဆို ရှူးရှူးကြောင့် မဟုတ်တာ သေချာသွားပါပြီ။

ရှစ်မိုင် ဂုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်က အင်ဂျင်နီယာတစ်ဦး ပြောတာက တော့ "တံတားအက်တယ်ဆိုတာ မဟုတ်ဘူး၊ တံတားဆောက်တာကလည်း အလုံးစုံ မပြီးသေးပါဘူး။ ရာခိုင်နှုန်း အတော်များများ ပြီးနေတာကြောင့်သာ ကားတွေကို ဖြတ်သန်းခွင့် ပေးထားတာပါ။ အချို့ နေရာတွေက အချောသပ်တဲ့ နေရာမှာ မညီညာတာကြောင့် ဆေးသုတ်ပြီးတဲ့အချိန်မှာ   ဆေးတွေ ပြန်ကွာသွားတာပါ။ အန္တရာယ်ရှိတယ်ဆိုရင် ကျနော်တို့က ယာဉ်တွေကို ဖြတ်သန်းခွင့် ပေးမှာမဟုတ်ပါ ဘူး" တဲ့။ အော်.....တော်သေးတာပေါ့၊   ဆေးတွေ ပြန်ကွာတာတဲ့၊   ဆေးတွေပြန်ကွာတာက ဓာတ်ပုံထဲ မြင်ရတော့လည်း တစ်မျိုးကြီးပဲနော်။ ထက်ပိုင်းကြီး ပြတ်နေသလိုပဲ။ မောင်မှန် မျက်စိမကောင်းလို့ ဖြစ်မှာပါလေ။ ဓာတ်ပုံဆိုတာလည်း အပြင်မှမြင်ရတာနဲ့တော့ ဘယ်တူနိုင်ပါ့မလဲ။ ကွာမှာပေါ့။ တံတား ကလည်း တကယ်ဆို ပြီးသေးတာမှ မဟုတ်ဘဲ။ မတ် ၂၃ ရက်နေ့မှသာ တရားဝင် ဖွင့်မှာလေ။ တစ်ချို့နေရာတွေလည်း မချောနိုင်သေးဘူးပေါ့။ သဘာဝ ကျပါတယ်။ သဘာဝ မကျတာက အင်ဂျင်နီယာမင်းပြောတဲ့ ဆေးတွေ ပြန်ကွာတဲ့ ကိစ္စ။ (တံတားက မအက်ဘူးပဲထား) ဖွင့်တောင် မဖွင့်ရသေးဘူး၊ သုတ်ထားတဲ့ ဆေးတွေ ပြန်ကွာသွားတယ်ဆိုတော့ ဟုတ်သေးရဲ့လားခင်ဗျာ။ မြန်မာငွေကျပ် ၁၆ ဒသမ ၄၅ ဘီလျံလောက် အကုန်ကျခံ တည်ဆောက်ခဲ့တဲ့ ဂုံးကျော်တံတားဆိုတာ ဒီလိုကြီးပါလားလို့ မှတ်သားထားရတော့မှာပေါ့။

အဲဒီလို ပူစပ်ပူလောင် သတင်းအောက်မှာ ရေလိုအေးတဲ့ နွေလေးတစ်နွေ ဖြစ်စေတဲ့ သတင်း ကလည်း ရှိပါသေးတယ်။ ဒါကြောင့်လည်း ပညာရှိတစ်ယောက်က မည်းမှောင်တဲ့ တိမ်တိုက်တွေမှာ တောင် ငွေရောင်အနားကွပ်လေးတွေ ရှိတယ်လို့ မိန့်မြွတ်ခဲ့တာပေါ့။ မောင်မှန်တို့ သပြေညိုကြီးရဲ့ သား၊ ဖိုးမောင်လာပြီရဲ့သား၊ ပျဉ်းမငုတ်တိုရဲ့သား၊ ရွာလိုရွာလော မိုးနတ်သားရဲ့သား ဦးထင်ကျော်၊ နှစ်ငါးဆယ်ကျော်အတွင်းမှာ အရပ်သားသမ္မတအဖြစ် စတင် ဆောင်ရွက်ခွင့် ရခဲ့ပါပြီ။ NLD အစိုးရရဲ့ ဦးစီး ပဲ့ကိုင်အဖြစ် တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ရတော့မှာပါ။ မောင်မှန် ကြိုဆိုပါတယ်။ ဂုဏ်ပြုပါတယ်။ NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေကိုလည်း အောင်မြင်ထိရောက်စွာ အကောင် အထည် ဖော်နိုင်စေကြောင်း ဆုတောင်းပါတယ်။ ပြည်သူတွေက ရွေးကောက်ပွဲ ကတိတွေအတိုင်း ဖြစ်လာမယ်လို့ ယုံကြည်ကိုးစားလို့ မဲပေးလိုက်တာပါ။ တာဝန်ကျေဖို့ လိုပါတယ်ခင်ဗျာ။

သမ္မတအထက်မှာဆိုတဲ့ စကားကိုလည်း ခဏခဏ မကြားရပါစေနဲ့။ Driver ဆိုတဲ့ စကားနဲ့ Purpet Prisident ဆိုတဲ့ စာသားကိုလည်း ခဏခဏ မဖတ်ရပါစေနဲ့လို့ ကြိတ်ပြီး ဆုတောင်းရပါတယ်။ မောင်မှန် အများကြီး မျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဆိုတာ မည်းမှောင်တဲ့ တိမ်တိုက်ကြီးပါပဲ။ သမ္မတကြီး ဦးထင်ကျော်ဟာ ငွေရောင်အနားကွပ် ဖြစ်ပါစေလို့သာ မောင်မှန် အလေးအနက် ဆန္ဒပြုလိုက်ရကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly