မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများအားလုံး ရပ်နားထား

By မေဘယ်လ်သူ (မဇ္ဈိမ)
28 March 2023
မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများအားလုံး ရပ်နားထား

ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့ ကတိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ကုန်သွယ်မှုလုပ်ငန်းများအားလုံး ရပ်နားထားကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သည်များထံမှသိရသည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှုပြုလုပ်နေသည့် မြဝတီ ကုန်သွယ်ရေးဂိတ်တွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မြန်မာ နိုင်ငံဘက်ခြမ်းသို့ ကုန်စည်ပို့ဆောင်ရန်အဆင့်သင့်ဖြစ်နေသော ကုန်ကားအစီးရေ ၁၅၀ ကျော်သည် ထိုင်း ဘက်ခြမ်းတွင် ပိတ်မိနေကြောင်းလည်း ထိုင်းသတင်းများကဖော်ပြသည်။

“လက်ရှိအချိန်ထိ ပိတ်မိနေတဲ့ကုန်ကားတွေလည်း မထွက်နိုင်သေးသလို ကုန်သွယ်မှုအားလုံးကို ရပ်နား ထားရတယ်”ဟု မြဝတီကုန်သွယ်ရေးဇုန်မှကုန်သည်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

မြဝတီကုန်သွယ်ရေးဇုန်သည် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ် ဧပြီလမှအောက်တိုဘာလအတွင်း သွင်း ကုန်တန်ဖိုး ဒေါ်လာ ၁,၁၈၆ သန်း၊ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁,၀၇၂ သန်းအထိ ရှိခဲ့ပြီး၊ တနိုင်လုံး၏ နယ်စပ် ပို့ကုန်သွင်းကုန်အားလုံးတွင် ၂၂ ဒဿမ ၇ ရာခိုင်နှုန်း အထိဆောင်ရွက်ထားပြီး၊ မြေပဲ၊ ဆန်၊ ရော်ဘာနှင့် ပြောင်းတို့ကိုအဓိကတင်ပို့ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်း၏အချက်အလက်များ အရသိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြဝတီမြို့တောင်ဘက်ခြမ်း ရှိ ကျေးရွာများကို ယနေ့ မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီအချိန်ထိလက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေသောကြောင့် ကျေးရွာလေးရွာခန့်မှ ဒေသခံများထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့မှစတင်ကာ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီ နောင်ဗျူဟာကုန်း၊ ကော့ကရိတ်မြို့၊ ကျုံဒို၊ ငါးတိုင်စသည့် စစ်ကောင်စီအခြေစိုက်နေရာမျိုးစုံကို KNLA ၊ KTLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတိုက်ခိုက်မှုတွင် စစ်တပ်နှင့်ရဲ ၁၁ ဦး သေဆုံး ခဲ့ပြီး ဒုရဲမှူးအပါဝင်ရှစ်ဦးအဖမ်းခံခဲ့ရကာ လက်နက်မျိုးစုံသိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ထံမှ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly