ရန်ကုန်တွင် အင်အား ၃.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ် 

By ဂန္ဒမာ (မဇ္ဈိမ)
28 March 2023
ရန်ကုန်တွင် အင်အား ၃.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ် 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနမှထုတ်ပြန်သည်။ 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၂၁ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ)၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ရှားသွားခြင်း ဟုသိရသည်။ 

ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်တွင် အဆိုပါမြေငလျင်လှုပ်ခတ်မှုကို ခံစားသိရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အများအပြားမှ ဒေသခံများက ပြောသည်။ 

“ ၁နာရီ ၂၂ မိနစ်လောက်ကပါ။ အမြင့်မှာနေတဲ့သူတွေလောက်ကပဲ သိသာတယ်။ ကျွန်မက တိုက်ခန်း နေတဲ့သူပါ။ လေးလွှာမှာ နေပါတယ် “ ဟု လှည်းတန်းတွင်နေထိုင်သောဒေသခံက မဇ္ဈိမသို့ ဖြေဆိုသည်။ 

အလားတူ ရွှေပြည်သာတွင်နေထိုင်သော ဒေသခံတစ်ဦးလည်း “ ကျွန်မက အိပ်နေတာပါ။ အိပ်နေတာကနေ ဆွဲခါသလိုလှုပ်သွားလို့ လန့်ပြီးထထိုင်မိပါတယ်” ဟု ငလျင်လှုပ်ချိန် ၎င်းကြုံတွေ့ခံစားရသည်ကို ပြောပြသည်။ 

လူမှုကွန်ရက်စာမျက်နှာ ဖေစ့်ဘွတ်ပေါ်တွင်လည်း ယနေ့လှုပ်ခတ်ခဲ့သော မြေငလျင်အခြေအနေနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးမျှဝေနေကြသည်ကိုတွေ့ရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly