ကလေးမြို့တွင် စစ်ကောင်စီဒေါက်တိုင်ကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုမည်

By ပါခွီး (မဇ္စျိမ)
28 March 2023
ကလေးမြို့တွင် စစ်ကောင်စီဒေါက်တိုင်ကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုမည်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်ကောင်စီဒေါက်တိုင် တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မှ ၅၂ ဖြင့် တရားစွဲ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကလေး မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPP) က မတ်လ ၂၇ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။ 

မတ်လ ၂၅ရက်နေ့ ညနေ ၄နာရီခန့်အချိန်တွင် တာဝန်သိပြည်သူများ၏ သတင်းပေး ပို့ချက်အရ PDF – Kalay တပ်ရင်း (၅) တပ်ဖွဲ့ဝင်များမှ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်  မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

အဖမ်းခံရသူသည် ဦးစိုးငြိမ်း (၅၈နှစ်) အဘ (ဦးဘဌေး) မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံဖြစ်ပြီး ဆိုင်ကယ်တစ်စီး မိုဘိုင်းဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 

မတ်လ ၂၆ရက် နေ့လယ် ၃နာရီအချိန်တွင် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ အောက်ရှိ ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့သို့ တရားခံနှင့် သက်သေခံပစ္စည်းများ လာရောက်လွဲပြောင်းအပ်နှံခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ 

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၀ရက် နေ့လယ် ၁နာရီအချိန်ကလည်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ Kalay – PDF တပ်ဖွဲ့များသည် ကလေးမြို့တောင်ဇလပ် ရပ်ကွက်ရှိ BMB – KTV နှင့် မာဆပ်ဆိုင်တွင်ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ သုံးဦးကို ဖမ်းဆီးခဲ့သည်။ 

ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ထွန်းထွန်းနိုင် ၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော် ၊ တပ်ကြပ်မင်းဇော်ဦးတို့အားဖမ်းဆီးခဲ့ပြီး တပ်ကြပ်မှ ပြန်လည်ခုခံ၍ ထွက်ပြေးရန်ကြိုးစားသဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ 

၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ဖြင့်တရားစွဲဆိုထား ပြီး နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်း ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ကောင်းမွန်စွာထိမ်းသိမ်းထားကြောင်း KPP ထံမှ သိရှိရသည်။ 

“အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲထားပါတယ် ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်ပါ ၊ ခုခံချေပပိုင်ခွင့် အပြည့်အဝရှိပါတယ်” ဟု KPP (တောင်ပိုင်း) တာဝန်ခံ ရဲမှူးအောင်ကြီးက မဇ္စျိမ သို့ပြောသည်။ 

ရဲလုပ်ငန်းအနေဖြင့် ရက် ၃၀ အချိန်ရပြီး စီရင်ချက်ချနိုင်မည့် အခြေအနေနှင့်ပတ်သက်ပြီး တရားရေးအပိုင်းဖြစ်သည့်အတွက် ၎င်းအနေ နဲ့သိရှိခြင်းမရှိကြောင်း ဆိုသည်။ 

ကလေးမြို့နယ်အတွင်း လတ်တလောအခြေအနေတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား ၊ သုံးစွဲမှု အများဆုံးဖြစ်ပွားနေပြီး KPP အနေဖြင့် ထိန်းချုပ်နယ်မြေ အားလုံးတွင် ရဲလုပ်ငန်းများကို အပြည့်ဝအကောင်အထည်ဖော် နေကြောင်းသိရသည်။ 

ထို့အပြင် အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီး အခက်အခဲ များရှိနေသော်လည်း အစိုးရကို တင်ပြပြီး အကောင်းဆုံးဖြေရှင်းလျက်ရှိကြောင်း သိရသည်။ 

မကြာမီ ရောင်နီလင်းရောက်တော့မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တော်လှန်ရေး အသိ ၊ တော်လှန်ရေး သတိများရှိကြပါရန် ရဲမှူးအောင်ကြီးမှ မေတ္တာရပ်ခံ ပြောကြားခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly