ဖာပွန်ခရိုင်ရှိ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

By YT  ( မဇ္ဈိမ)
28 March 2023
ဖာပွန်ခရိုင်ရှိ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

KNU တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်ရှိ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းအား ယနေ့ မတ်လ ၂၈ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU သတင်းရင်းမြစ် များထံမှ သိရသည်။

“မနက် ၅ နာရီဝန်းကျင်မှာ စတိုက်ခဲ့တယ်။ ၆ နာရီခွဲလောက်မှာ စခန်းကုန်း နှစ်ကုန်းလုံး ရတယ်။ ကိုယ့် ဘက်က တစ်ယောက်ကျပြီး လေးယောက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများပေမယ့် အတည်ပြုနေဆဲပါ” ဟု KNU သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ယနေ့ မတ်လ ၂၈ ရက် နံနက် ၅ နာရီဝန်းကျင်တွင် KNLA တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းအား သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ဒီစခန်းက သော်လယ်ထာ့နဲ့ အီးတူထာ့ကြားမှာရှိတာပေါ့။ အင်အားက ၆၀၊ ၇၀ လောက်ရှိတယ်” ဟု KNU သတင်းရင်းမြစ်က ဆိုသည်။

မယ်ခါးထာ့စခန်းသည် KNU တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်၊ သော်လယ်ထာ့နှင့် အီးတူထာ့အကြား သံလွင်မြစ်ကမ်းနံဘေးတွင်တည်ရှိသည့် စစ်ကောင်စီတပ်စခန်းဖြစ်ပြီး အင်အား ၆၀ ကျော်ဖြင့် အထိုင်ချ နေကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ တိုက်လေယာဉ်ဝဲလာခြင်းကြောင့် သံလွင်မြစ် ကမ်းနံဘေးရှိ ကျေးရွာများမှဒေသခံများမှာ လေကြောင်းမှတိုက်ခိုက်မည်ကိုစိုးရိမ်၍ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

“သော်လယ်ထာ့ဘက်ကတချို့နဲ့  အီးတူထာ့ရွာ ဒုက္ခသည်စခန်းကလူတွေရော ပြေးကုန်ကြပြီ။ ဒီမှာက ပြေးမယ်ဟေ့ဆိုလည်း လှေနဲ့ပဲသွားလာရတော့ အန္တရာယ်အရမ်းများတယ်။ ဟိုဘက်ကမ်းက ထိုင်း စစ်တပ်ကလည်း လက်နက်တွေအပြည့်နဲ့ သံလွင်ကမ်းဘေးမှာ နေရာယူထားကြတယ်” ဟု အီးတူထာ့မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီးတိုင်း ကျေးရွာများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု များပြုလုပ်လေ့ရှိသဖြင့် ဒေသခံများမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly