မြဝတီမြို့တောင်ဘက်ခြမ်းရှိကျေးရွာများကို စစ်တပ်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ 

By သွင်ထူးဈာန် (မဇ္ဈိမ)
28 March 2023
မြဝတီမြို့တောင်ဘက်ခြမ်းရှိကျေးရွာများကို စစ်တပ်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ 

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က  မြဝတီမြို့တောင်ဘက်ခြမ်းရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

မြဝတီမြို့တောင်ဘက်ခြမ်းရှိ မဲကနယ်နယ်မြေအတွင်းမှ ကျေးရွာများကို သင်္ဃန်းညီနောင် ဗျူဟာကုန်း၊ ခမရ (၂၇၅) တပ်ရင်း၊ ကြက်ကင်ကုန်း၊ လက်ခတ်တောင်တို့မှ ၁၂၀ မမ၊ ဟောက်ဝစ်ဇာတို့ဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။ 

“ ရွာထဲကို လက်နက်ကြီးကျတာတွေရှိတယ်။ လူထိခိုက်မှုရှိတယ်။ အိမ်အလုံးငါးဆယ်တန်းဘက်မှာ ကျတော့ အိမ်ပေါ်ကို တည့်တည့်ကျတာ။ ကလေးမလေးတစ်ယောက်က ခြေထောက်ကို ထိတယ်။ အသက်ကြီးပိုင်း လူကြီးတစ်ယောက်ကတော့ ရင်ဘတ်ကိုနည်းနည်းယမ်းစစင်တယ် ” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ နယ်စပ်ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်၍ ကျေးရွာလေးရွာခန့်မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ 

တိုက်ပွဲဖြစ်ပွားသည့်နေ့ မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီမှ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်အသုံးပြုကာ မဲကနယ်နယ်မြေအတွင်းသို့ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသည့် ဒဗလူကွတ်ကီးကျေးရွာမှ ဘုန်ကြီးကျောင်းအနီးသို့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် မြဝတီတောင်ဘက်ခြမ်း မဲကနယ်နယ်မြေအတွင်းမှဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရသကဲ့သို့ ဗုံးခိုကျင်းများထဲ၌လည်း ပုန်းခိုနေကြရကြောင်း သိရသည်။ 

မတ်လ ၂၅ ရက်နေ့မှစတင်ကာ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာကုန်း၊ ကော့ကရိတ်မြို့၊ ကျုံဒိုး၊ ငါးတိုင်စသည့် စစ်ကောင်စီတပ်အခြေစိုက် နေရာမျိုးစုံကို  KNLA၊ KTLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်နေကြောင်းသိရသည်။ 

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတိုက်ခိုက်မှုတွင် စစ်သားနှင့်ရဲ ၁၁ ဦး သေဆုံးခဲ့ပြီး ဒုရဲမှူးအပါဝင် ရှစ်ဦးအဖမ်းခံခဲ့ရကာ လက်နက်မျိုးစုံ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly