ရွှေကူတွင် စစ်ရေးတင်းမာနေသည့်အတွက် ကျေးရွာ ၈ ရွာ တိမ်းရှောင်နေရ

By အဂမ် (မဇ္ဈိမ)
28 March 2023
ရွှေကူတွင် စစ်ရေးတင်းမာနေသည့်အတွက် ကျေးရွာ ၈ ရွာ တိမ်းရှောင်နေရ
Photo -  မတ်လ ၂၅ ရက်နေ့က တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် စီသောင်ကျေးရွာရှိ နေအိမ် တစ်လုံး မီးလောင်ပျက်စီးပြီး နွားငါးကောင်သေဆုံးခဲ့ရသည့်ပုံ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့်အတွက် ကျေးရွာ ၈ ရွာမှ ပြည်သူ များ တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားသည်။

ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သည့် PDF ပူးပေါင်းတပ်တို့ မတ်လ ၂၃ ရက်နေ့မှစကာ တိုက်ပွဲများပြင်းထန်လာသည့်အတွက် ကျေးရွာရှစ်ရွာမှပြည်သူများ စစ်ရှောင်နေရခြင်း ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တချို့က မြို့ထဲကဘုန်းကြီးကျောင်းဘက်ရောက်လာကြသလို တချို့တော့ ဆွေမျိုးအသိတွေရဲ့အိမ်မှာ ခဏ သွားပေါင်းနေကြတာတွေ ရှိတယ်။ တချို့ကျတော့လည်း ဒီဘက်က ရွှေမှော်ဘက်မှာ နှစ်အိမ်တစ်စု၊ သုံးအိမ်တစ်စု လာရွှေ့နေကြပြီ”ဟု သတင်းရင်းမြစ်က ဆိုသည်။

မတ်လ ၂၃ ရက်နေ့မှစတင်ကာ အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မံဝိန်းနှင့် နောင်လတ်ကြီးကျေးရွာများသို့ စစ်ကြောင်းထိုးကာဝင်ရောက်လာသည့်အတွက် တိုက်ပွဲများစတင်ဖြစ် ပွားလာခဲ့ခြင်းဖြစ်ပြီး သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် ရွှေကူမြို့နယ် စီမူလေးကျေးရွာအပါအဝင် မံဝိန်း၊ နောင် လတ်ကြီး၊ ငှက်တံတား၊ စီသာ၊ စီသောင်၊ နန့်လန်နှင့် ဝင်ဝ အစရှိသည့် ကျေးရွာများမှ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၁,၀၀၀ နီးပါး ရွှေကူမြို့ဘက်သို့  ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။

“စစ်ကောင်စီစစ်သားတွေ ရွာထဲဝင်လာတဲ့နေ့ကစပြီး တိုက်ပွဲတွေဖြစ်တယ်။ အဲဒီကတည်းက ကြောက်လို့ ထွက်ပြေးလာခဲ့ရတာ။ အခုထိလည်း စစ်ရေးတင်းမာနေတာဆိုတော့ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်လာ နိုင်တယ်။ စစ်ကောင်စီတပ်ကမဆုတ်ဘူးဆိုရင် ပိုတောင်ဆိုးလာနိုင်တယ်” ဟု ပြောင်းရွှေ့လာခဲ့ရသူ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသောနယ်မြေသည် KIA တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၂)နယ်မြေဖြစ် ပြီး စစ်ကောင်စီတပ်က  စစ်ကြောင်းသုံးခုခွဲကာ  စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၄ ရက်နေ့ စစ်ကောင်စီတပ်မှ နတ်လန်းကျေးရွာမှ ပြည်သူတစ်ဦး၏ နေအိမ်သို့ ဝင်ရောက်မီးရှို့ သွားသလို မတ်လ ၂၅ ရက်နေ့ကလည်း  တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် စီသောင်ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးပြီး နွားငါးကောင်သေဆုံးခဲ့သည်။

KIA ၊ ရွှေကူ KPDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) ပူးပေါင်းစစ်ကြောင်းများက ကျေးရွာနယ်မြေများ တွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုဘဲ လူနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီး ဆက်လက်ထိုးဖောက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တားဆီးနေသည့်အတွက် စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly