“ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပေါ်ထွက်လာပြီ။ ဘယ်လို အကောင်းအဆိုးတွွေ ဆက်ဖြစ်လာမလဲ။”

“ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပေါ်ထွက်လာပြီ။ ဘယ်လို အကောင်းအဆိုးတွွေ ဆက်ဖြစ်လာမလဲ။”
ဓာတ်ပုံ-မဇ္စျိမ

နဂို မူလ ခန့်မှန်းထားသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝန်ကြီးတစ်ယောက် အဖြစ် ဆောင်ရွက်မယ့် ကက်ဘိနက် (အစိုးရအဖွဲ့) စာရင်း ထွက်ပေါ်လာပါပြီ။ ဒီ စာရင်းတွေမှာ ဘယ်သူတွေပါသလဲ၊ လွှတ်တော် လုပ်ထုံးလုပ်နည်းတွေအရ ရှေ့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်နဲ့ လွှတ်တော်၊ သူ့ရဲ့ ပါတီ အနာဂတ်ကရော ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီကနေ့ တင်ပြလိုက်တဲ့ အစိုးရအဖွဲ့ ဝန်ကြီး စာရင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ နိုင်သက်လွင်၊ ဒေါက်တာဖေမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တို့ ဖြစ်ကြပါတယ်။ လွှတ်တော် လုပ်ထုံး လုပ်နည်းတွေအရ အမတ်တွေဟာ အဲဒီ ဝန်ကြီးတွေထဲက တစ်ဦးဦးကို ဖြစ်စေ၊ တစ်ချို့ကို ဖြစ်စေ၊ ဖွဲ့စည်းပုံပါ ဝန်ကြီး အရည်အချင်းနဲ့ ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရင် ကန့်ကွက်နိုင်ပါတယ်။ ကန့်ကွက်သူ မရှိရင်တော့ လာမယ့် မတ်လ ၂၄ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြုပါလိမ့်မယ်။ အဲလို အတည်ပြုချက်ပေးပြီးနောက်မှ သမ္မတဟာ ဘယ်ဝန်ကြီးကို ဘယ်ဝန်ကြီးဌာန တွေမှာ တာဝန်ယူစေမလဲ သတ်မှတ်ပေးရပါမယ်။ သတ်မှတ်ပေးသမျှ လွှတ်တော်ကို အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။

အခု ဝန်ကြီးစာရင်းထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေး တာဝန်ယူမယ့် တပ်မတော်သား ဒုဗိုလ်ချုပ်ကြီး သုံးဦး ပါဝင်ပါတယ်။ ဒီ သုံးယောက်ရဲ့ နာမည်စာရင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ကို ပေးပို့တာ ဖြစ်ပြီး သမ္မတ ကမှ လွှတ်တော်ကို တင်ပြတာပါ။ နောင် ဒီ ဝန်ကြီးသုံးယောက် အပါအဝင် ဝန်ကြီးတွေ အားလုံးဟာ နိုင်ငံတော် သမ္မတ ကို တာဝန်ခံရမှာ ဖြစ်ပါတယ်။ တပ်ချုပ်က နာမည်စာရင်းပေးလို့ဆိုပြီး တပ်ချုပ်နဲ့ပဲ တွဲ အလုပ်လုပ်ရမယ် ဆိုတဲ့ သဘော မဟုတ်ပါဘူး။ အရင် ဒုဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေး ဝန်ကြီး တာဝန်ယူစဉ်ကလည်း တပ်ချုပ်နဲ့ သိပ်ပြီး တွေ့ဆုံတာ မရှိပါဘူး။ သမ္မတ ဦးသိန်းစိန် ဆီကိုသာ နေ့စဉ် ဒါမှမဟုတ် ပုံမှန်လိုလို သတင်းပို့၊ အစီရင်ခံ၊ ညှိနှိုင်းပြီးမှ အလုပ် လုပ်ကြတာပါ။ တပ်မတော်သား ဝန်ကြီးတွေနဲ့ ပတ်သက်လို့ သိပ်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိမနေဖို့ပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို ဖြစ်လာပါလိမ့်မယ်။ သူဟာ ဝန်ကြီး ဖြစ်လာပြီ ဆိုတာနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အမတ် အဖြစ်ကနေ နှုတ်ထွက်ပြီးသား ဖြစ်သွားပါပြီ။ လွှတ်တော်နဲ့ အဆက်အစပ် မရှိတော့ပါဘူး။ အဲ လွှတ်တော်က တစ်စုံတစ်ခု မေးမြန်းတာ ရှိရင်၊ အဆိုတင်တာ ရှိရင်တော့ လွှတ်တော်တွင်း သွားရောက် ဖြေကြားဖို့တော့ တာဝန်ရှိလာမှာ ဖြစ်ပါတယ်။ လွှတ်တော်တွင်းကို ပြည်ထောင်စု ဝန်ကြီးအနေနဲ့ပဲ တက်ရတော့မှာပါ။ နောက်ထပ် အရေးကြီးတာ တစ်ချက်ကတော့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ လုပ်ငန်းတွေမှာ လုံး၀ ပါဝင်ပတ်သက်လို့ မရတော့ပါဘူး။ ဖွဲ့စည်းပုံ ပုဒ်မ ၂၃၂ (ဋ) မှာ ခုလို တိတိကျကျ ပြဌာန်းထားပါတယ်။ “ ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံရေး ပါတီ တစ်ခုခုဇ။် အဖွဲ့ဝင် ဖြစ်လျင်၊ ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ မိမိရာထူးသက်တန်းအတွင်း ယင်းပါတီ အဖွဲ့အစည်းဇ။် ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရ။” ဆိုပြီး ဖြစ်ပါတယ်။

နဂို ကြိုတင် ပြောဆိုခဲ့သလိုပါပဲ။ အခု အနေအထားအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတတာဝန် မထမ်းဆောင်နိုင်တာက လွဲရင် အစိုးရအဖွဲ့ကို ကောင်းကောင်း ဦးဆောင်နိုင်ပါပြီ။ အစိုးရအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးတွေကို ကောင်းကောင်း ဦးဆောင် ကျင်းပနိုင်ပါပြီ။ အစိုးရအဖွဲ့ထဲမှာ ပါဝင်နေတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး ဝန်ကြီးတွေ ဖြစ်ကြတဲ့ တပ်မတော် စစ်ဗိုလ်ချုပ် သုံးယောက်ကိုလည်း သမ္မတ နဲ့ အတူတကွ တွေ့ဆုံ ဆွေးနွေးရင်း၊ ဝန်ကြီးဌာန လုပ်ငန်းတာဝန်တွေကို ညှိနှိုင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း အစိုးရ အဖွဲ့ကိုယ်စား တွေ့ဆုံဆွေးနွေးလိုတယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုချက်တွေ ရယူနိုင်ပါတယ်။ သမ္မတ ကိုတော့ သံရေးတမန်ရေး ဂုဏ်ထူးဆောင်သဘော တွေ့ဆုံကြပါလိမ့်မယ်။ နောက် အရေးကြီးတဲ့ အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရေးကြီးတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ “ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” မှာလည်း အဖွဲ့ဝင် ဖြစ်နေမှာမို့၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ် စတဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရအပြီး သူ အကြိမ်ကြိမ် ပြောဆိုခဲ့သလို အစိုးရအဖွဲ့သစ်ကို ဦးဆောင်တော့မှာ ဖြစ်ပါတယ်။

သူ့ပါတီက လူတွေနဲ့ အချို့ပုဂ္ဂိုလ်တွေ အနေနဲ့ စိုးရိမ်စရာ နည်းနည်းပါးပါးတော့ ရှိနိုင်ပါတယ်။ လွှတ်တော်နဲ့ ပတ်သက်ရင် ဦးဝင်းမြင့်၊ ဦးမန်းဝင်းခိုင်သန်း တို့ကို ဦးဆောင်မှု ပေးဖို့ လွဲှအပ်ထားပြီ ဖြစ်ပေမယ့် အခြားတစ်ဖက်မှာ တပ်မတော်က ရန်သူသဖွယ် သတ်မှတ်ထားတဲ့ သူရဦးရွှေမန်းနဲ့ သူ့အဖွဲ့သားတွေကို လွှတ်တော်ရဲ့ အရေးကြီး ကော်မရှင်ကို ဦးဆောင်ခွင့်ပေးထားခဲ့တာ၊ အဲဒီ ကော်မရှင်ဟာ နောက်ကွယ်ကနေ ဦးဝင်းမြင့်၊ ဦးမန်းဝင်းခိုင်သန်း တို့အပေါ် သြဇာလွှမ်းမိုးသွားမှာ၊ ဒီကတဆင့် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်လာမှာကိုတော့ စိုးရိမ်ကောင်း စိုးရိမ်ရနိုင်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ အစိုးရအဖွဲ့ သက်တန်းမှာ သူရဦးရွှေမန်းဟာ လွှတ်တော်ကို ချုပ်ကိုင်ပြီး ပြည်ခိုင်ဖြိုးပါတီကို ဦးသိန်းစိန် အဖွဲ့ဆီကနေ စည်းရုံး လုယူနိုင်ခဲ့လို့ပါပဲ။

နောက်ပြသနာ တစ်ခုကတော့ အင်န်အယ်လ်ဒီ ပါတီပါ။ အခုလို အခင်းအကျင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့် အတွင်းရေးမှူး အဖွဲ့ဆိုတာကို ဖွဲ့ထားပေးခဲ့ပြီးပါပြီ။ ပါတီကို တစ်စုံတစ်ယောက်ဆီမှာ အပ်မထားခဲ့ပါဘူး။ အရင် ပြည်ခိုင်ဖြိုး အတွေ့အကြုံတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပါတီကို သူရဦးရွှေမန်းကို အပ်ခဲ့လို့ ငါးပါးကြီး မှောက်ခဲ့တဲ့ သာဓက ပူပူနွေးနွေး ရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ဆင်ထားမှုဟာ အစိုးရအဖွဲ့ကို ဦးဆောင်ရင်း၊ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း လက်တွဲ လုပ်ကိုင်ရင်း တိုင်းပြည်ကို ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ကျဉ်းသွားနိုင်မယ်လို့ မျှော်လင့်ယုံကြည်နိုင်ပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly