ဘုတ်ပြင်းမှာ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ ခေါင်းဆောင်အပါဝင် ၂ ဦး သေဆုံး သေနတ် ၅ လက် သိမ်းဆည်းရမိ 

By ကိုရွှေမြိတ်(မဇ္ဈိမ)
28 March 2023
ဘုတ်ပြင်းမှာ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ ခေါင်းဆောင်အပါဝင် ၂ ဦး သေဆုံး သေနတ် ၅ လက် သိမ်းဆည်းရမိ 

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ မသေကျေးရွာအုပ်စု ဝါးကျွန်းကျေးရွာတွင် ပျူစောထီး အဖွဲ့အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မတ်လ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် သွားရောက် ပစ်ခတ်ရှင်းလင်းရာ ခေါင်းဆောင်အပါဝင် နှစ်ဦး သေဆုံးပြီး သေနတ် ငါးလက် အပါဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ Mission အား ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ် (ပကဖ) တို့က ပူးပေါင်း အဖွဲ့က သွားရောက် ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက "ကျွန်တော်တို့ ပြည်သူတွေကို ဘာတွေ ပြောချင်လည်း ဆိုတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ သူတွေနဲ့ ဝေးဝေးနေဖို့ တောင်းဆိုချင်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ပြည်သူတွေကပဲ တိုင်ကြားထားတဲ့ ဒလန်တွေ ပျူစောထီးတွေ့ရဲ့ စာရင်း အချက်အလက်တွေ ကျွန်တော်တို့ အဖွဲ့ဆီမှာ အကုန်ရှိနေလို့ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာ အခက်အခဲ ဖြစ်နိုင်လို့ ဖြစ်တယ်"လို့  ပြော သည်။ 

ယင်း တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရေကြောင်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက်   AK 47 လေးလက်၊ AK ကျည်ဘောက် ငါးခု၊  M 16 တစ်လက်၊ M16 ကျည်ဘောက် ၁၁ ခု၊ နာနတ်သီး(လက်ပစ်ဗုံး) သုံးလုံး၊ မင်းဂွတ်သီး(လက်ပစ်ဗုံး) တစ်လုံး၊ M16 ကျည် ၁၇၀ တောင့်၊ AK 47 ကျည် ၃၅၅ တောင့် ၊ အထိုင်ဖုန်း တစ်လုံး၊ စမတ်ဖုန်း တစ်လုံး၊ Equiment တစ်စုံ၊ လက်ထိပ် နှစ်စုံ၊ ဓားရှည် နှစ်ချောင်း၊ ဓာတ်မီး တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်တွင် ရေးသားဖော်ပြထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required