လာအိုရှိ မဲခေါင်မြစ်ပေါ်တွင် ထိုင်းနှင့်တရုတ်ပူးပေါင်း၍ တတိယမြောက်ရေကာတာ တည်ဆောက်မည်

By RFA
28 March 2023
လာအိုရှိ မဲခေါင်မြစ်ပေါ်တွင် ထိုင်းနှင့်တရုတ်ပူးပေါင်း၍ တတိယမြောက်ရေကာတာ တည်ဆောက်မည်

ထိုင်းနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် လာအိုနိုင်ငံ မဲခေါင်မြစ်ပေါ်တွင် တတိယမြောက် ရေကာတာ တည်ဆောက်ရေးကို ဖြစ်လာစေမည့် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။

လာအိုနိုင်ငံမြောက်ပိုင်း ဇာရာဘူရီ ပြည်နယ် ပါခ်လေးခရိုင်ရှိ စီမံကိန်းသည် နှစ်ပေါင်းအတော်ကြာ ဆိုင်းငံ့ခဲ့ပြီးနောက် ယခု သဘောတူညီချက်အရ တံတားနှင့် လမ်းပန်းဆက်သွယ်ရေးကဲ့သို့ အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်းများကို ချက်ချင်း အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဓိက တည်ဆောက်မှုများကို လာမည့်နှစ်အစောပိုင်းတွင် စတင်ရန် စီစဉ်ထားပြီး ၂၀၃၂ ခုနှစ်တွင် လုပ်ငန်းလည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ Sinohydro Corp ကုမ္ပဏီ၊ ထိုင်းနိုင်ငံ Gulf Energy Development Public Co., Ltd. နှင့် ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) တို့အကြား သဘောတူညီချက်ကို မတ်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခင် မဲခေါင်မြစ်ရေလှောင်တမံ  ၂ ခုဖြစ်သည့် ဇာရာဘူရီဆည်နှင့် ဒွန်ဆဟွန်းဆည်တို့သည် ၂၀၂၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ 

သို့သော် ရေကာတာတည်ဆောက်မှု၏ စီးပွားရေးအလားအလာနှင့်ပတ်သက်၍  ဆိုးရွားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာများနှင့် ပြဿနာများလည်း ရှိနေသည်။  မဲခေါင်မြစ်သည် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အများဆုံးရှိသည့် မြစ်ဝှမ်းများထဲမှ တစ်ခုဖြစ်ပြီး ငါးမျိုးစိတ်ပေါင်း ၁ ၁၀၀ ကျော်ရှိသည်။ ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရာမြစ်ဖြစ်ပြီး မြစ်ဝှမ်းတွင်နေထိုင်သော လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ရှိ လူပေါင်း သန်း ၇၀ တို့အတွက် မရှိမဖြစ်လိုအပ်သော အစာအရင်းအမြစ်ဖြစ်သည်။

ရေကာတာတည်ဆောက်ရေး လုပ်ကိုင်သူများသည် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို အကျိုးပြုခြင်းထက် ရင်းနှီးမြှုပ်နှံသူများကို ကူညီရန် ပိုမိုစိတ်ဝင်စားကြကြောင်း ထိုင်းနိုင်ငံ မဲခေါင်အောက်ပိုင်းပြည်နယ် ၇ ခု ၏ ဥက္ကဋ္ဌဖြစ်သူ အွမ်ဘွန်သစ်ဆွန်နက ပြောသည်။
“မဲခေါင်မြစ်ဟာ တစ်နိုင်ငံတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူး။ ဘုံပိုင်ဆိုင်တဲ့ မြစ်ပါ" ဟု ၎င်းက ဆိုသည်။ 

အဆိုပါ စီမံကိန်းကြောင့် ကျေးရွာ ၈ ရွာအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကာ လူပေါင်း ၃ ၅၀၀ ကျော် ရွှေ့ပြောင်းရဖွယ်ရှိကြောင်း ရေကာတာ တည်ဆောက်သူ၏ ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။

ရွာသားအများစုသည် လယ်ယာစိုက်ပျိုးရန် မြေနေရာ၊ စားနပ်ရိက္ခာဝယ်ရန်နေရာများ၊ လမ်းများ၊ စာသင်ကျောင်းများနှင့် ဘုရားကျောင်းကန်များရှိသည့် ၎င်းတို့ အခြေကျနေသော ကျေးရွာများမှ မပြောင်းရွှေ့လိုကြကြောင်း ပါ့ခ်လေး ခရိုင်မှ ရွာသားတစ်ဦးက ပြောသည်။ နေရာပြောင်းရွှေ့မှု၊  လျော်ကြေးကိစ္စတို့နှင့် ပတ်သက်၍ တာဝန်ရှိသူများက ရွာသားများနှင့် ဆွေးနွေးခြင်းမရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly