မရမ်းချောင်းစစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
28 March 2023
မရမ်းချောင်းစစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ စစ်ဆေးရေးဂိတ်အား တော်လှန်ရေး အင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းကပြောသည်။

ရဲနှင့် စစ်သား အင်အား ၃၀ ခန့်ရှိသည့် မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် တပ်မဟာ(၁) မှ KNLA ၊ PDF ၊ Kyaiktho Revolution Force-KRF နှင့် ပ.က.ဖ ပူးပေါင်း တပ်များမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီမှ သုံးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးတပ် ဖွဲ့ဘက်မှ တိုက်ခိုက်ရေး ဒရုန်းတစ်စီးနှင့် ကင်းထောက်ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။ 

“တပ်ရော ရဲရော ၃၀လောက်ရှိမယ်။ အခြားဌာနဆိုင်ရာ ဝန်ထမ်းမပါဘူး။ စကစဘက်က သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်။ သေဆုံးမှုကို သူတို့ရဲ့အတွင်းသတင်းပေးတွေကနေပဲ သိရတာပါ။ တိုက်ခိုက်မှု အပြီး မရမ်းချောင်းဂိတ်ကနေ လက်နက်ကြီးနဲ့ ၁၀ ချက်လောက်ပစ်တယ်” ဟု ကိုအေးမင်းထွန်းက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုပ္ပလင်ကျေးရွာ အေးဘုရားဘုန်းကြီးကျောင်းမုခ်ဝ အနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းမုခ်ဝတံတိုင်းအား ကျည်ထိမှန်ခဲ့သည်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များထံမှ ငွေတောင်းခံမှုများလည်း ပြုလုပ်လေ့ရှိကြောင်း ဆိုသည်။

“ကုန်စည်စစ်ဆေးရေးဂိတ်ကြီးဆိုတော့ အကုန်စစ်တာပေါ့။ အပြင်ဘက်လမ်းကျတော့ ဆိုက်ကယ်နဲ့ ကား လေးတွေကိုစစ်တယ်။ ကားတွေဆိုင်ကယ်တွေတားစစ်ပြီး တောင်းတာတွေရှိတယ်။ ဆိုင်ကယ်ဘောက် ထဲမှာ ပိုက်ဆံတွေအများကြီးတွေ့ရင် တော်တော်နဲ့ပေးမသွားတော့ဘူး။ လှည့်ပတ်ပြီး ရစ်နေရောပဲ။ ပိုက်ဆံပေးလိုက်မှ လွတ်တယ်” ဟု ကိုအေးမင်းထွန်းက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကျိုက်ထိုမြို့၊ ဘုရား လေးလမ်းခွဲကြားရှိ လက်ပံသင်္ချိုင်းတွင် တပ်မ(၄၄) လက်အောက်ခံတပ်သားများတပ်စွဲထားသည့် နေရာ အား ဒရုန်းဖြင့် ဗုံးသီးခြောက်လုံးချတိုက်ခိုက်ခဲ့ရာ စစ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required