ဧည့်စာရင်းတိုင်ကြားရာတွင် မိသားစုဓာတ်ပုံများကိုပါ တောင်းယူ၊  ဧည့်စာရင်းစာအုပ်အတွက် ငွေကျပ် ၂,၀၀၀ ပေးရဟုဆို 

By ဝေဟင်စိုး (မဇ္ဈိမ)
28 March 2023
ဧည့်စာရင်းတိုင်ကြားရာတွင် မိသားစုဓာတ်ပုံများကိုပါ တောင်းယူ၊  ဧည့်စာရင်းစာအုပ်အတွက် ငွေကျပ် ၂,၀၀၀ ပေးရဟုဆို 

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ စစ်ကောင်စီက ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေးနေပြီး၊ ဧည့်စာရင်းတိုင်ကြားရာတွင် မိသားစုဓာတ်ပုံများကိုပါ ပူးတွဲတောင်းယူရန် ညွှန်ကြားမှုများရှိ‌နေသည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက  မဇ္ဈိမကို ပြောသည်။ 

ဧည့်စာရင်းဖြင့်နေထိုင်သူ အိမ်ထောင်စုများအနေဖြင့် အိမ်ထောင်စုအတွင်းရှိသည့် မိသားစုလူဦးရေအလိုက် လေးလက်မ ခြောက်လက်မ အရွယ်ရှိ ကာလာဓာတ်ပုံတစ်ပုံကိုပါ ပူးတွဲတင်ပြရန် တောင်းခံလာခြင်း ဖြစ်သည်။ 

"ဧည့်စာရင်းအတွက် အရင်ကတော့ ဒါမျိုး ညွှန်ကြားတာ မရှိပါဘူး။ အခုနှစ် မတ်လပိုင်းကနေစပြီး ဧည့်စာရင်းလာတိုင်သူတွေအားလုံး စာရင်းပါ ဦးရေအတိုင်း စုရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုပါ မှတ်တမ်းအဖြစ် ယူလာခိုင်းဖို့ ညွှန်ကြားလာတာမျိုး ရှိပါတယ်။ လောလောဆယ်တော့ ညွှန်ကြားချက်အတိုင်း စလုပ်တဲ့မြို့နယ်တွေ ရပ်ကွက်တွေ ရှိနေသလို အချို့တွေလည်း လုပ်ဖို့ဆော်ဩထားတာမျိုးတွေ ရှိနေပါတယ်" ဟု ၎င်းကရှင်းပြသည်။ 

ထို့အပြင် ဧည့်စာရင်းတိုင်ကြားရာတွင် အလှူခံပုံးများချထားပြီး အလှူငွေထည့်ဝင်ရန်နှင့် စာအုပ်အသစ်လုပ်ဆောင်သူများအား ကျပ်ငွေ ၂,၀၀၀ မှ ၃,၀၀၀ကျပ် အထိ တောင်းယူလျှက်ရှိကြောင်း သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်အတွင်း နေထိုင်သူများက ဆိုသည်။ 

"ဧည့်စာရင်းစာအုပ်ကုန်သွားတော့ အသစ်လုပ်တဲ့နေရာမှာ ၂,၀၀၀ တောင်းတယ်ဗျာ။ စာအုပ်အသစ်မဟုတ်သေးဘဲ အဟောင်းနဲ့တိုင်ရင်လည်း အလှူခံထည့်ပေးရတယ်။ ၂၀၀ ကျပ်ကနေ ၅၀၀ အထိ ပုံးထဲ ထည့်သွားကြတာပဲ။ ဒီကရတဲ့ငွေနဲ့ စာအုပ်အသစ်ရိုက်ရင်တောင်အဆင်ပြေတဲ့ဟာကို ရအောင်တောင်းသေးတယ်။ မလွယ်ပါဘူးဗျာ။ ပေးနေရတာပဲပေါ့" ဟု ဒေသခံတစ်ဦးက ရင်ဖွင့်ပြောဆိုသည်။ 

ယမန်နေ့ မတ်လ ၂၇ ရက်မတိုင်မီ အစောပိုင်းက မြောက်ဒဂုံ ၊ သာကေတနှင့် ဒေါပုံမြို့နယ်တို့တွင် ရပ်ကွက်များအလိုက် တစ်အိမ်တက် ဆင်း ဧည့်စာရင်းစစ်ဆေးမှုများရှိခဲ့ပြီး၊ ဧည့်စာရင်းမတိုင်မိသူများ ၊ ရက်ကျော်နေသည့် ဧည့်မှတ်တမ်းများ တွေ့ရှိပါက ကျပ်‌ငွေ ၈၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရကြောင်း သိရသည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံ  အ‌ ခြေခံဥ‌ပဒေ ပုဒ်မ ၄၁၉ အရဟုဆိုကာ ရပ်ကွက် နှင့်ကျေးရွားများအလိုက် ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်။ 

အဆိုပါ ဧည့်စာရင်းဥပဒေတွင် မည်သူမဆို ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ပါက ကျပ် ၁၀,၀၀၀ ထက်မပိုသော ဒဏ်ငွေကို ပေးဆောင်ရမည်ဖြစ်ပြီး၊ ပေးဆောင်ရန်ပျက်ကွက်ပါက ထောင်ဒဏ်ခုနစ်ရက်ထက်မပိုသော ပြစ်ဒဏ်ကို  သက်ဆိုင်တရားရုံးက ချမှတ်ရမည်ဟု ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၌ ပြင်ဆင်ထုတ်ပြန်ခဲ့သော စတုတ္ထအကြိမ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေတွင် ဖော်ပြထားသည်။ 

စာတည်း။     ။   ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly