အပြတ်ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်က ပြောခြင်းမှာ အာဏာစသိမ်းကတည်းကဟု KNU ပြောခွင့်ရသူ တုံ့ပြန် 

အပြတ်ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်က ပြောခြင်းမှာ အာဏာစသိမ်းကတည်းကဟု KNU ပြောခွင့်ရသူ တုံ့ပြန် 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အပြတ်ချေမှုန်းမည်ဟု ပြောခြင်းမှာ အာဏာစသိမ်းကတည်းကဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားလိုက်သည်။ 

NUG၊ PDF များနှင့် PDF များကို ကူညီနေသည့် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကို ပြတ်ပြတ်သားသားအရေးယူမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

ယင်းသို့ ပြောကြားခဲ့အပြီးတွင် KNU ပြောခွင့်ရပုဂ္ဂိုလ်က ကရင်အမျိုးသားမီဒီယာနှင့် တွေ့ဆုံကာ ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ 

" သူ (စစ်ခေါင်းဆောင် မင်းအောင်လှိုင်) ကတော့ စကတည်းက အပြတ်ချေမှုန်းမယ်ဆိုတာ အာဏာသိမ်းစပြီးကတည်းက ပြောနေတာပဲလေ၊ အခုက အာဏာသိမ်းက နှစ်နှစ်ပြည့်သွားပြီလေ၊ ဒါပေမဲ့ ခုခံတဲ့ အနေအထားလျော့ကျမသွားဘဲနဲ့ ပိုပြီးတာ့ အားကောင်းလာဖို့ပဲ ရှိပါတယ်" ဟု ပဒိုစောတောနီးက ကရင်အမျိုးသားမီဒီယာသို့ ဖြေကြားသည်။ 

PDF များကို တက်တက်ကြွကြွ ကူညီနေသူများမှာ မည်သူများ ဖြစ်သည်ကို လူတိုင်းသိကြောင်း၊ ယခုကဲ့သို့ ပြောကြားခြင်းမှာ မည်သူ့ကို ဦးတည်မည်ဆိုသည်ကို သိကြောင်း ပဒိုစောတောနီးက ဆက်ပြောသည်။ 

" သူက ပြောချင်တာလျှောက်ပြောနေတာပဲ၊ ဘာမှ အမြီးအမောက်လည်း တည့်တာလည်း သူကထည့်တွက်တော့တာ မဟုတ်ဘူး" ဟု ၎င်းက ဆက်ပြောသည်။ 

ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ကာ ညှဥ်းပန်းနေသည့် အဖွဲ့အစည်းအား မည်သည့်ယုံကြည်မှုဖြင့် ပြန်လည်တည်ဆောက်ရမလဲဟုလည်း ပဒိုစောတောနီးက မေးခွန်းထုတ်သည်။ 

" ရှိထားတဲ့ ကတိမှန်သမျှကလည်း တစ်ခါမှ တည်တဲ့သူမဟုတ်တော့ ဘယ်လိုနည်းနဲ့ ယုံကြည်မှု ပြန်တည်ဆောက်မလဲ၊ ဒီနေ့ဒီချိန်ကာလမှာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းကို မရှိတော့ဘူး။ ကျွန်တော်တို့ ပေါ်လစီကလည်း ရှင်းရှင်းလေးပဲ လေ။ စစ်တပ်က ဘယ်တော့မှ နိုင်ငံရေးထဲမှာ ပြန်ဝင်လာစရာအကြောင်း မရှိတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား" ဟု ၎င်းက ဆက်ပြောသည်။ 

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် နေရာများတွင် ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ တိုက်ပွဲဖြစ်ပွားမှုများက အဖြေဖြစ်ကြောင်း၊ အာဏာသိမ်း စကတည်းက KNU ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲပေါင်း ၈,၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ပဒိုစောတောနီးက ပြောသည်။ 

လူထုကို အကြောက်တရား ရှိလာရန်  စစ်ကောင်စီက ရက်စက်သည့် နည်းလမ်းပေါင်းစုံကို အသုံးပြုနေပြီး လူများကို ခေါင်းဖြတ်သတ်ကာ တိုင်တွင်ချိတ်ဆွဲခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်းလည်း KNU က ပြောသည်။ 

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly