မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အမည် စာရင်းယနေ့သိရမည်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အမည် စာရင်းယနေ့သိရမည်

မန္တလေး၊ မတ် ၂၂ ။          ။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမရပူရမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဇော်မြင့်မောင်ဟု သတင်းများထွက်ပေါ်နေပြီး ဝန်ကြီးချုပ်အမည်စာရင်းနှင့်ဝန်ကြီးအမည်စာရင်းများမှာ ယနေ့ ညနေပိုင်းတွင် သိရမည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကဆိုသည်။

ဦးအောင်ကျော်ဦးက "ဝန်ကြီးဘယ်သူဖြစ်မယ်။ ဝန်ကြီးချုပ်ဘယ်သူဖြစ်မယ်ဆိုတာ ညနေပိုင်းမှသိရမယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ရေးရာကော်မတီတွေဖွဲ့ဖို့ဆွေးနွေးနေကြတော့ အလုပ်ရှုပ်နေကြတယ်။ ညနေသိရတာနဲ့ ကျွန်တော်တို့ချက်ချင်းပြောပါမယ်။"ဟု မဇ္ဈိမ ကိုပြောသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို မတ် ၂၄ ရက်နှင့်၂၅ရက်တို့တွင် ပြန်စရန်အတွက် အပေါ်စီစဉ်လိုက်ရပြီးယင်းရက်များတွင်  ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"လွှတ်တော်ပြန်စဖို့က အရေးပေါ်စီစဉ်လိုက်ရတာပါ။လောလောဆယ်တော့ နှစ်ရက်ထဲပဲပေါ့။အဲဒီနှစ်ရက်မှာ ကျန်တဲ့ရေးရာကော်မတီတွေဆက်ဖွဲ့မယ်။ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကျမ်းကျိန်မယ်။"ဟု ဦးအောင်ကျော်ဦး ကပြောသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦး၊တပ်မတော်သားကိုယ်စားလှယ် ၁၉ ဦး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးနှင့်ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး တို့တက်ရောက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly