ကဘူးလ်တွင် အာဖဂန်တာလီဘန်များ၏  တိုက်ခိုက်မှုကြောင့် အိုင်အက်စ်အဖွဲ့ဝင် ၃ ဦး သေဆုံး 

By ABC News
28 March 2023
ကဘူးလ်တွင် အာဖဂန်တာလီဘန်များ၏  တိုက်ခိုက်မှုကြောင့် အိုင်အက်စ်အဖွဲ့ဝင် ၃ ဦး သေဆုံး 

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် တာလီဘန်တပ်ဖွဲ့ဝင်များ၏ ညအချိန် စီးနင်းတိုက်ခိုက်မှုကြောင့် အစွန်းရောက် အိုင်အက်စ်အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၂၂ ရက်တွင် ပြောကြားသည်။

အာဖဂန်နစ္စတန်ကို တာလီဘန်များက ၂၀၂၁ ခုနှစ် သြဂုတ်တွင် သိမ်းပိုက်ပြီးနောက်ပိုင်း အစ္စလာမ္မစ်နိုင်ငံတော် ခွန်ရာဆန်ပြည်နယ်ခေါ် ဒေသသတွင်း အိုက်အက်စ်အဖွဲ့သည် တာလီဘန်တို့၏ အဓိကပြိုင်ဘက်ဖြစ်လာသည်။

အဆိုပါစစ်သွေးကြွအုပ်စုသည် တာလီဘန် လှည့်ကင်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များ၊ လူနည်းစု အာဖဂန် ရှီယိုက်များအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။ 

အာဖဂန်တွင် မတ် ၂၁ ရက်က စတင်ခဲ့သော စစ်ဆင်ရေးတွင်  ကဘူးလ်၌ ခိုအောင်းနေသော အိုင်အက်စ်များကို အဓိကပစ်မှတ်ထားခဲ့ပြီး ရာမဒန်ဥပုသ်လအတွင်းတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်နေသော စစ်သွေးကြွအုပ်စုမှ ထင်ရှားသည့် အဖွဲ့ဝင် ၃ ဦးကို စီးနင်းသတ်ဖြတ်ခဲ့ကြောင်း တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကပြောသည်။

“အိုင်အက်စ်အဖွဲ့ဝင်တွေဟာ ကဘူးလ်မြို့မှာ တိုက်ခိုက်မှုတွေလုပ်ဖို့ ပုန်းအောင်းနေကြပြီး ရာမဒန်လအတွင်းမှာ ဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားဖို့ စီစဉ်နေခဲ့ကြတာပါ” ဟု မူဂျာဟစ်က ပြောကြားခဲ့သည်။ 

နှစ်ပေါင်း ၂၀ ကြာစစ်ပွဲအပြီး အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားချိန် ၂၀၂၁ ခုနှစ် သြဂုတ်လလယ်တွင် တာလီဘန်က အာဏာသိမ်းကာ အာဖဂန်နစ္စတန်ကို ထိန်းချုပ်ခဲ့သည်။

တာလီဘန်တို့သည် အာဏာသိမ်းချိန်မှစ၍ အမျိုးသမီးများနှင့် လူနည်းစုများအတွက် လွတ်လပ်ခွင့်နှင့် အခွင့်အရေးများ ကန့်သတ်ခြင်းအပြင် ပြင်းထန်သော ကန့်သတ်ချက်များချမှတ်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုကို မရရှိသေးပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly