လုံခြုံရေးစိုးရိမ်မှုများကြောင့် Google က တရုတ်ဈေးဝယ်အက်ပ်ပလီကေးရှင်းကို ရပ်ဆိုင်း 

By AP
28 March 2023
လုံခြုံရေးစိုးရိမ်မှုများကြောင့် Google က တရုတ်ဈေးဝယ်အက်ပ်ပလီကေးရှင်းကို ရပ်ဆိုင်း 

တရုတ်၏ ဈေးဝယ်အက်ပ်ပလီကေးရှင်း Pinduoduo တွင် အန္တရာယ်ပြုနိုင်သော ဆော့ဖ်ဝဲထည့်သွင်းထားသည်ကို တွေ့ရှိပြီးနောက်  Google က အက်ပ်စတိုးတွင် အဆိုပါအက်ပ်အား ဆိုင်းငံ့ထားလိုက်သည်။

လုံခြုံရေးစိုးရိမ်မှုများကြောင့် Google Play မှ Pinduoduo အက်ပ်ကို ဆိုင်းငံ့ထားကြောင်း Google က မတ်လ ၂၁ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန်လွှတ်တော်အမတ်အချို့က သတ်မှတ်ထားသည့် TikTok ကဲ့သို့သော တရုတ်ပိုင်အက်ပ်များနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံတွင် အဓိကအသုံးပြုသည့် Pinduoduo အက်ပ်အား ဆိုင်းငံ့သည့်ကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အသုံးပြုသူများအပေါ် သူလျှိုလုပ်ရန် ထိုကဲ့သို့သောအက်ပ်များကို အသုံးပြုနိုင်ကြောင်း လွှတ်တော်အမတ်များက စွပ်စွဲထားသည်။

Pinduoduo သည် တရုတ်တွင် လူကြိုက်များသော အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးအက်ပ်တစ်ခု ဖြစ်ပြီး သုံးစွဲသူများက ပစ္စည်းအများအပြားကို ဝယ်ယူပါက လျှော့ဈေးများ ပေးလေ့ရှိသည်။

အဆိုပါအက်ပ်ကို တရုတ်အွန်လိုင်းဈေးဝယ်ပလက်ဖောင်းများစွာမှ ရယူကာ ဖုန်းတွင် ထည့်သွင်းနိုင်သည်။ Google က Play Store မှ ရယူထားခြင်းမဟုတ်သော Pinduoduo အက်ပ်ကို ဖယ်ရှားရန် သုံးစွဲသူများအား မတ်လ ၂၁ ရက်က သတိပေးခဲ့သည်။

အဆိုပါ အန္တရာယ်ရှိသောအက်ပ်များအား ဖုန်းတွင်ထည့်သွင်းအသုံးပြုရန် ကြိုးပမ်းမှုများကို Google Play ကာကွယ်ရေးအဖွဲ့မှ ပိတ်ဆို့ထားကြောင်း Google ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဖုန်းများတွင် ထည့်သွင်းထားသော အန္တရာယ်ရှိသည့်ဆော့ဖ်ဝဲလ်ပါ  Pinduoduo အက်ပ်ကို ဖျက်ပစ်ရန် Google  က သတိပေးထားသည်။

Apple အသုံးပြုသူများအတွက် Pinduoduo အက်ပ်နှင့် ပတ်သက်၍ အလားတူ လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများ ရှိ မရှိကို မသိရသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly