မန္တလေးတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

By 007 မဇ္ဈိမ
27 March 2023
မန္တလေးတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းက ဖုန်းအားသွင်းရာမှ အပူလွန်ကဲ ပြီး မီးလောင်မှုဖြစ်ပွားရာ နေအိမ်ငါးလုံးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ မတ်လ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်အမှတ်(၄၀)၊ ၈ လမ်းနှင့် ၇၆ လမ်းထောင့်ရှိ၊ နေအိမ်တစ်အိမ်၏ အပေါ်ထပ်တွင် ဖုန်းအားသွင်း ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် မီးသတ် ဦးစီးဌာန ဝန်ထမ်းတစ်ဦးကပြောသည်။

“အိပ်ယာထဲ ဖုန်းအားသွင်းထားတာကနေ စဖြစ်တာလို့ တွေ့ရှိတယ်၊ အားသွင်းကြိုး အပူလွန်ကဲပြီး မီး ထွက်တယ်၊ အဲဒီမီးက အိပ်ယာကိုကူးတယ်၊ အဲဒီလိုနဲ့ ဘေးအိမ်တွေပါဆက်ကူးပြီး အိမ်ငါးလုံး မီးထဲပါ သွားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါမီးလောင်မှုကို အုပ်ချုပ်မှုယာဉ် သုံးစီး၊ မီးငြှိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ငါးစီး၊ အရန်နှင့်  သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင်  မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နံရံကပ်နှစ်ထပ်ပျဉ်ထောင်အိမ်လေးလုံးနှင့် မြေစိုက်ထရံကာ သွပ်မိုးအိမ်တစ်လုံး စုစု ပေါင်း နေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မီးလောင်နေစဉ်အတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် ပရဟိတသမားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းလည်း သိရသည်။

“ပရဟိတမင်းခေါင်အဖွဲ့က အသင်းသား ကိုဇော်ထူး ဒဏ်ရာရသွားတယ်၊ မီးစွဲနေတဲ့ ထုပ်တန်းပြုတ်ကျပြီး လည်းပင်းနဲ့နားရွက်တွေမှာ မီးလောင်ဒဏ်ရာရသွားတာပါ။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် အတော် လေးခံစားရမှာ” ဟု လူမှုကယ်ဆယ်ရေး အသင်းသားတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင်ဖြစ်သူအား မီးပေါ့ဆမှုဖြင့် အရေးယူထားကြောင်း သိရ သည်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင်၊ မတ်လ ၂၅ ရက် ညအချိန်ကလည်း ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်၊ ၂၃ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ အထပ်မြင့်နေအိမ်တစ်အိမ်တွင် အလားတူ မီးလောင်မှုဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သေးသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly