မြေယာပြဿနာတွေ ပြည့်နေတဲ့ မြန်မာပြည်ရဲ့ စပါးကျီ

မြေယာပြဿနာတွေ ပြည့်နေတဲ့ မြန်မာပြည်ရဲ့ စပါးကျီ
သိမ်းဆည်းခံရသည့်မြေပေါ်တွင် ဝင်ရောက်လုပ်ကိုင်ရာမှ ပိုင်နက်ကျူးလွန်မှု၊ ခိုးယူမှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် ၂ဝ၁၃ ခုနှစ်ကထောင်တစ်နှစ်ကျသွားသူ အသက် ၆ဝအရွယ်    ဒေါ်လှဦး  (ဓာတ်ပုံ -ဖြိုးသီဟချို/Myanmar Now)သမ္မတဦးသိန်းစိန်အစိုးရ၏  ၅ နှစ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော်လည်း  မြစ်ဝကျွန်း ပေါ်ဒေသ တွင်မူမြေယာပြဿနာနှင့် ပဋိပက္ခအများအပြား ကျန်ရှိနေဆဲဖြစ်သည်။

သေနတ်သံ၊ ဒေသခံတို့နှင့် ရဲတပ်ဖွဲ့ဝင်တို့ အပြန်အလှန်အော်ဟစ်ကြိမ်းမောင်းသံ၊ ကြောက်လန့်တကြား ကလေးငိုသံတို့က ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ  တိတ်ဆိတ်ငြိမ်သက် နေသည့် မီးမှိန်မှိန်တံငါရွာလေးတစ်ခုတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ 

ရွာထိပ် လမ်းမကြီးတွင် လက်နက်ကိုင်ဆောင်ထားသောရဲတပ်ဖွဲ့ဝင် အယောက်၃ဝ ကျော် ရှိနေပြီးအရာရှိဟုယူဆရသူတစ်ဦးကသူ၏မျက်နှာချင်းဆိုင်တွင်ရှိနေသည့်ဒေသခံရွာသားများကိုရှေ့တိုးလာပါက ပစ်ခတ်မည်ဖြစ်ကြောင်း အော်ဟစ်သတိပေးနေသည်။

ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာအုပ်စုတွင်ဖေဖော်ဝါရီ ၃ရက်နေ့ညက ဖြစ်ပွားခဲ့သော အထက်ပါပဋိပက္ခအတွင်းဒဏ်ရာအပြင်းအထန်ရသွားသူတစ်ဦးမှာအသက်၃ဝအရွယ်ကိုဝင်းကျော်  ဖြစ်သည်။

“ဘယ်ဘက်ချိုင်းအောက်မှာပူခနဲဖြစ်သွားတယ်၊သွေးတွေစီးကျလာတော့မှ ကျွန်တော် ဓားနဲ့အထိုးခံလိုက်ရပြီဆိုတာသိလိုက်ရတယ်”ဟုကိုဝင်းကျော်ကပြောသည်။ လယ်သိမ်းခံရသူများနှင့် ကုမ္ပဏီတို့အကြားထိပ်တိုက်ရင်ဆိုင်နေကြသည့်အမှုများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံ တောင်း တောင်ဒေသကြေးနီတူးဖော်မှုစီမံကိန်းနယ်မြေဝန်းကျင်တွင် ဖြစ်ပွားသည့် အမှုများက လူသိများသော်လည်း မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေသိမ်းမှု နောက်ဆက်တွဲပဋိပက္ခများအကြောင်းကမူအာရုံစိုက်ခံရမှု နည်းလှသည်။

နိုင်ငံအနှံ့ သိမ်းဆည်းမြေဧကပေါင်းသန်းနှင့်ချီရှိခဲ့ပြီး ပမာဏအများအပြားကို ကုမ္ပဏီကြီးများ က လုပ်ကိုင်လျက်ရှိရာ မူလပိုင်ရှင်တို့က ဝင်ရောက်လုပ်ကိုင်ရာမှ ဆက်တိုက်ပေါ်ပေါက်လာသော ပဋိပက္ခတို့မှာ သမ္မတဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးရက်များအထိ ဖြစ်ပွားနေဆဲဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ခနွဲကဘို၊ ကြက်ခတ္တော၊ ခတ္တိယစသည့်ကျေးရွာ များတွင် မှောင်စပျိုးလာသည်နှင့် ဒေသခံတို့ကရွာထိပ်တွင် ကင်းစောင့်နေကြသည်ကိုတွေ့ရသည်။

အမှုဖွင့်ခံထားရသူလယ်သမားခေါင်းဆောင်များကိုဝင်ရောက်ဖမ်းဆီးရန် လာရောက်သည့် ရဲတပ်ဖွဲ့ ဝင်များရွာတွင်းဝင်လာလျှင် အချက်ပေးနိုင်ရန် အတွက် ထိုသို့ ကင်းပုန်းဝပ်ကြခြင်းဖြစ်သည်ဟု ဒေသခံတို့က ရှင်းပြသည်။

ဒေသခံတို့၏ သည်းမခံနိုင်မှု

ယခင်စစ်ခေါင်းဆောင်တို့နှင့်ထိစပ်မှုရှိခဲ့သည့်ကုမ္ပဏီများအနက်ဖိုးလမင်းကုမ္ပဏီသည်၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင်ပန်းတနော်မြို့နယ်၊ ခနွဲကဘိုကျေးရွာအုပ်စုအတွင်း လယ်ယာမြေဧကရာထောင်ချီ လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

ဖိုးလမင်းကုမ္ပဏီမန်နေးဂျင်းဒါရိုက်တာဦးကျင်ညိမ်းက၎င်းပိုင်ဆိုင်သည့်လယ်ယာမြေများအနက်ဧက၂၃ဝဝကျော်ကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း Myanmar Now ကိုပြောပြသည်။

ဖိုးလမင်းကုမ္ပဏီနှင့် ထိပ်တိုက်တွေ့နေသူများအနက် တစ်ဦးမှာကြက်ခတ္တောကျေးရွာမှ ၄၉ နှစ်အရွယ် ဦးသန်းရှင် ဖြစ်သည်။  ကရင်အမျိုးသား၊ တိုင်းရင်းဆေးဆရာဦးသန်းရှင်သည် မြစ်ဝရေ ကြီးကွင်းဒေသရှိ ကျေးရွာများအပေါ်တွင် သြဇာရှိသူတစ်ဦးဖြစ်ပြီးသူ့နေအိမ်စာကြည့်တိုက်တွင်  သမ္မတ ဦးသိန်းစိန်ပုံနှင့် သူပြောကြားခဲ့သော လယ်ယာမြေပြန်လည်ပေးအပ်ရေး မိန့်ခွန်းကောက် နုတ်ချက် ပါရှိသော ၆ ပေခန့်မြင့်သည့် ပိုစတာတစ်ခု ချိတ်ဆွဲထားသည်။

၁၅ ဧကအသိမ်းခံရသည့် ဦးသန်းရှင်မိသားစုကလက်ကျန်မြေ ၈ဧကပေါ်တွင် စိုက်ပျိုးနိုင်သော် လည်း ဒေသတွင်းမိသားစုအများအများအပြားမှာမြေယာမဲ့သွားပြီးအလုပ်အကိုင် ပြောင်းလဲသွားကြ သည်။  “မြို့ပေါ်တက်ပြီးအိမ်အကူလုပ်ရတဲ့မိန်းမပျိုတွေနဲ့ အထည်ချုပ်စက်ရုံတွေမှာသွားပြီးအလုပ် သွားလုပ်ကြတဲ့လူတွေနဲ့တော်တော် ဒုက္ခရောက်ကြပါတယ်”ဟုသူကပြောသည်။

ဦးသန်းရှင်နှင့်မြစ်ဝရေကြီးကွင်းဒေသခံလယ်သမား ၂ဝ ခန့်မှာယခင်ကပိုင်ဆိုင်ခဲ့ကြသည့် လယ်ယာမြေများပေါ်တွင် ဝင်ရောက်ထွန်ယက်စိုက်ပျိုးရာမှ  တရားစွဲဆို၊ ဖမ်းဝရမ်းထုတ်ခံထားရ သည်။

ရဲတပ်ဖွဲ့၏ ကဏ္ဍ

ပန်းတနော်မြို့နယ် မြစ်ဝရေကြီးကွင်းဒေသအတွင်းလယ်ယာမြေပြဿနာကြောင့် တရားစွဲဆို ခြင်း ခံခဲ့ရသူအရေအတွက်မှာ ပြီးခဲ့သည့်အနှစ် ၂ဝ အတွင်းအယောက် ၉ဝဝ ကျော် ရှိပြီးထက် ဝက်ခန့်မှာထောင်ဒဏ် ချမှတ်ခံရပြီးကြောင်းမှတ်တမ်း ပြုစုထားသည်ဟုဒေသခံတို့ကဆိုသည်။

ခနွဲကဘိုကျေးရွာမှ  အသက် ၄ဝအရွယ် ဦးကြည်စိုးကလယ်ယာမြေသိမ်းဆည်းထားသည့် ကုမ္ပဏီ ဘက်တွင်ရဲတပ်ဖွဲ့ဝင်တို့ ရပ်တည်သည်ဟုယူဆနေသည်။

“အာဏာပိုင်အဖွဲ့အစည်းကိုဒေသခံရွာသားတွေကတွန်းလှန်ဖို့ဆိုတာအာဏာပိုင်အဖွဲ့အစည်းကတော်တော်ကြီးကိုမဟုတ်မမှန်လုပ်နေလွန်းလို့သာလုပ်ရဲကြတာပါ” ဟုသူကပြောသည်။ 

ခနွဲက ဘိုကျေးရွာအုပ်စုတွင် ၁ဝနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ စခန်းမှုးရဲအုပ် ဆန်းယုနိုင် က မြစ်ဝရေကြီးကွင်းဒေသတွင် ဖိုးလမင်းကုမ္ပဏီနှင့်   ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားနေသည်မှာ   နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည် ဟုဆိုသည်။

ဒေသခံများနစ်နာမှုရှိသည်မရှိသည်ဆိုသည်မှာအုပ်ချုပ်သူများနှင့်သာသက်ဆိုင်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကမူဖြစ်ပေါ်နေသော ပဋိပက္ခကိုဥပဒေအရ ဝင်ရောက်  ဆောင်ရွက်မည်   ဖြစ်ကြောင်းရဲအရာရှိကပြောသည်။

“မြေယာတွေကမတရားသိမ်းဆည်းခံခဲ့ရသလားဆိုတာကတော့ တစ်ပိုင်းပေါ့ဗျ။ ကုမ္ပဏီက တော့ ဥပဒေအရလုပ်ပိုင်ခွင့်ရထားတာဖြစ်ပါတယ်” ဟု ခနွဲကဘိုကျေးရွာအုပ်စုရှိသူ တာဝန်ကျရာ ရဲစခန်းတွင်တွေ့ဆုံစဉ်က ပြောပြသည်။

ဖေဖော်ဝါရီလဆန်းပိုင်း ပန်းတနော်၊ ခနွဲကဘိုတွင်  ဒေသခံတို့နှင့် ထိပ်တိုက်တွေ့စဉ် အရပ် သားတစ်ဦး ထိုးသွင်းဒဏ်ရာရရှိသွားခြင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ လက်ချက် မဟုတ်ကြောင်း၊   လူစုလူဝေးနှင့် ရင်ဆိုင်ရစဉ်ကဓားအသုံးပြုခြင်းမရှိကြောင်းထိုဒေသတွင် တာဝန်ကျသော ရဲအရာရှိ တို့က ဆိုသည်။

သိမ်းဆည်းခံရသည့်မြေပေါ်တွင် ဝင်ရောက်လုပ်ကိုင်ရာမှ ပိုင်နက်ကျူးလွန်မှု၊ ခိုးယူမှု၊ အကျိုး စီးပွားဖျက်ဆီးမှုတို့ဖြင့် ၂ဝ၁၃ခုနှစ်ကထောင်တစ်နှစ်ကျသွားသူမှာအသက် ၆ဝအရွယ်ဒေါ်လှဦး ဖြစ်သည်။

“ဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျွန်မတို့ရွာမှာ သွေးချောင်းစီးမှာပဲ။ မခံနိုင်တဲ့အ ဆုံးတော့ ကျွန်မတို့က ပြန်ခုခံရမှာပါပဲ”ဟုဒေါ်လှဦးကမခံမရပ်နိုင်ဖြစ်နေသည့်လေသံဖြင့် ပြောသည်။  

တရားစွဲခံရသူများထဲတွင် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးပင် ပါဝင်သည်ဟု ဒေါ်လှဦးက ခနွဲက ဘိုကျေးရွာရှိသူ၏အလွန်ကျဉ်းမြောင်းသည့် နေအိမ်အတွင်းပြောပြသည်။

ရဲအုပ်ဆန်းယုနိုင်က မူသိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံတို့က အေးအေးချမ်းချမ်း တောင်းဆိုသင့်သည်ဟု ဆိုသည်။

“မတရားမှုကိုတိုက်ဖျက်မယ်ဆိုပြီးလူစု၊ လူဝေးနဲ့ အတင်းကျူးကျော်ဝင်ရောက်တဲ့အတွက် အမှုတွေဖြစ်ရတာပါ” ဟုရဲအုပ်ဆန်းယုနိုင်ကပြောသည်။

ဤအတောအတွင်း အစိုးရ၏မြေအသုံးချစီမံခန့်ခွဲရေး ဗဟိုကော်မတီကသတင်းထုတ်ပြန်ရာ ဧရာဝတီတိုင်းအတွင်း  ပြန်လည်စွန့်လွှတ်မည့် မြေဧရိယာဧကပေါင်း ကိုးသောင်းကျော် ရှိနေသည်ဟု ဆိုသည်။

အစိုးရသက်တမ်း ကုန်ဆုံးရန် ဆယ်ရက်ခန့်အလိုတွင် ထွက်ပေါ်လာသော ထိုသတင်း ထုတ်ပြန်ချက်အရ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဧရာဝတီတွင် စွန့်လွှတ်မြေအများဆုံးဖြစ်ကြောင်း တွေ့ရသည်။

စစ်အစိုးရများလက်ထက် ပေါ်ပေါက်ခဲ့သောမြေသိမ်းယာသိမ်းအမှုများ၏ နောက်ဆက်တွဲ ပြဿနာတို့ကိုဦးသိန်းစိန်အစိုးရ၏ ငါးနှစ်သက်တမ်းအတွင်းရာခိုင်နှုန်းအနည်းငယ် ဖြေရှင်းပေး နိုင်ခဲ့ သည်။ ကျန်နေသည့် ပြဿနာတို့ကိုလူထုအများစုမဲပေးရွေးချယ်လိုက်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဧပြီ ၁ ရက်နေ့ အစိုးရဖွဲ့စည်းပြီးနောက်ပိုင်းဆက်လက် ကိုင်တွယ် ဖြေရှင်းရတော့မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly