ပြည်သူနဲ့တော်လှန်ရေးအဖွဲ့တွေကြား အဆက်ပြတ်အောင်လုပ်နေတဲ့ စစ်ကောင်စီရဲ့နောက်ထပ်ရွှေ့ကွက်  

By ( ဓားရိုင်း ) 
27 March 2023
ပြည်သူနဲ့တော်လှန်ရေးအဖွဲ့တွေကြား အဆက်ပြတ်အောင်လုပ်နေတဲ့ စစ်ကောင်စီရဲ့နောက်ထပ်ရွှေ့ကွက်  
ဓာတ်ပုံ- ပုံဟောင်း

မတ်လဒုတိယအပတ်အတွင်းမှာ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေသစ်ကို ထပ်မံထုတ်ပြန် လာခဲ့ပါတယ်။ အဲဒီနည်းဥပဒေထဲမှာပါဝင်တဲ့ အချက်အလက်တွေအရတော့ တော်လှန်ရေးအင်အားစုတွေအတွက် အထောက်အပံ့ဖြစ်စေမယ့် လမ်းကြောင်းမှန်သမျှကို အဓိကပိတ်ဆို့ဖို့ရည်ရွယ်ထားတာတွေ့ရပါတယ်။ အချိန်နဲ့ အမျှ အင်အားကြီးမားလာတဲ့ တော်လှန်ရေးအင်အားစုတွေကိုဟန့်တားနိုင်ဖို့အတွက် စစ်ကောင်စီဟာ နည်းလမ်း မျိုးစုံအသုံးချပြီး တားဆီးနေတာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ လူသတ်မီးရှို့ပြနေပြီး လူထုကိုအကြောက် တရားသွင်းနေသလို မြို့ပေါ်မှာဆိုရင်လည်း ဥပဒေတွေအမျိုးမျိုးထုတ်ပြီး ပြည်သူတွေကိုဖိနှိပ်နေတာဖြစ်ပါတယ်။ NUG ၊ PDF အပါအဝင် တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ဘယ်ကိစ္စမျိုးမဆို အွန်လိုင်းပေါ်မှာ Like တစ်ချက်ပေးမိတာ နဲ့ ထောင်တန်းချတဲ့အထိ စစ်ကောင်စီဘက်က ဖိနှိပ်လာခဲ့တာဖြစ်ပါတယ်။ အခုလည်း ဆက်သွယ်ရေး ကွန်ယက်နဲ့ ပတ်သက်ပြီး ပြည်သူတွေအပေါ်ကို အပြည့်အဝထိန်းချုပ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်လာတာ တွေ့ရပါတယ်။ စစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေထဲမှာ ပြည်သူလူထုရဲ့ဆယ်သွယ်ရေးကို ကန့်သတ်ထိန်းချုပ်ရုံသာမက ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်တွေပါ တောင်းခံနိုင်တဲ့အချက်တွေကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီးဖြစ် ပေမယ့် စစ်ကောင်စီက သူတို့စိတ်ကြိုက်ပြင်ဆင်မှုတွေလုပ်ပြီး နောက်တစ်ကြိမ် အသစ်ပြဋ္ဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ နည်းဥပဒေအရဆိုရင် စစ်ကောင်စီဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေရဲ့ တယ်လီဖုန်းနဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုတွေကို ဖြတ်တောက်တာ၊ ကန့်သတ်တာ၊ ကြားဖြတ်ဖမ်းယူတာတို့ကို ဥပဒေအကာကွယ်ယူပြီးပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါဟာတစ်နည်း အားဖြင့် နွေဦးတော်လှန်ရေးကိုထောက်ခံသူ၊ ပံ့ပိုးနေသူမှန်သမျှကို ဥပဒေအရဆိုတဲ့စကားလုံးသုံးပြီး ထိရောက်တဲ့ ဖိနှိပ်မှုတွေလုပ်ဆောင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေး ကို အထောက်အကူပြုနေတဲ့ အင်အားစုတွေကိုဖြိုခွဲပြီး အကြမ်းဖက်သမားအဖြစ် တံဆိပ်တပ်ကာ အကြမ်းဖက် ဥပဒေတွေအောက်ကနေ တရားစွဲဆိုနိုင်ဖို့ လုပ်ခဲ့တာလို့လည်း ဆိုရပါမယ်။ ဒါ့အပြင် တရားစွဲဆိုတဲ့အခါမှာလည်း ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေ၊ စောင့်ကြည့်မှုတွေ လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ကျန်တစ်ဖက်မှာလည်း ဒီနည်းဥပဒေကိုအကြောင်းပြပြီး နိုင်ငံအတွင်းက ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ တွေကိုထိန်းချုပ်ဖို့အတွက် စစ်ကောင်စီကအကွက်ကျကျပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင် စီအနေနဲ့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံအတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကဆက်သွယ်ရေးကုမ္ပဏီတွေ၊ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေကို ဥပဒေ အရဆိုပြီး တရားဝင်ခြိမ်းခြောက်အကျပ်ကိုင်ကာ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုလို့လည်း ရသွားပါ တယ်။ စစ်ကောင်စီအနေနဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုတွေကို ဖြတ်တောက်တာ၊ ကန့်သတ်တာ၊ ကြားဖြတ်ဖမ်းယူတာတွေကို နည်းဥပဒေအတည်မပြုခင်ကတည်းက လုပ်ဆောင်နေတာဖြစ်ပေမယ့် အခုလို နည်းဥပဒေပြဋ္ဌန်းလိုက်တဲ့အတွက် ဥပဒေအကြောင်းပြပြီး ပိုမိုဖိအားပေး လုပ်ဆောင်ခွင့်ရသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီနည်းဥပဒေသစ်အရ အကြမ်းဖက်မှုများအား တားဆီးနိုင်နင်းရေးလုပ်ငန်းကော်မတီက ခွင့်ပြုလိုက် ပြီဆိုပါက စုံစမ်းရေးအဖွဲ့(ဒါမှဟုတ်) တားဆီးနှိမ်နင်းရေးတပ်ဖွဲ့တွေဟာ သက်ဆိုင်ရာဆက်သွယ်ရေးအော်ပရေ တာတွေဆီကနေ သူတို့တောင်းဆိုလိုတဲ့ ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုတွေကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်လိုပါကလည်း ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ ငြင်းဆန်ပိုင်ခွင့်မရှိဘူးလို့ အဲဒီနည်းဥပဒေမှာ ဖော်ပြ ထားပြီးဖြစ်ပါတယ်။ အဲဒီလို ဖြတ်တောက်တာ၊ ကန့်သတ်တာ၊ ကြားဖြတ်ဖမ်းယူတာတွေကို ကော်မတီက တစ်ကြိမ်ခွင့်ပြုလိုက်ပြီဆိုရင် ရက်ပေါင်း ၆၀ အထိလုပ်ဆောင်နိုင်ပြီး သတင်းအချက်အလက် မပြည့်စုံသေးပါက အချိန်ကာလ တိုးမြှင့်ပေးဖို့ကိုလည်း အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီကို တင်ပြနိုင် တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ကြားဖြတ်ဖမ်းယူတာကရရှိလာတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှု ဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း စစ်ကောင်စီက သံသယရှိတဲ့ အကြမ်းဖက်မှု (ဒါမှမဟုတ်) အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ ပတ်သက်တဲ့အမှုတွေမှာ သက်သေခံအဖြစ်တင်ပြနိုင်တယ်လို့ အဲဒီနည်းဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေဆီကို ပြည်သူတွေရဲ့ အထောက်အပံ့တွေ မရောက် နိုင်အောင် တော်တော်ပြင်ဆင်ထားပုံရပါတယ်။ အခုထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေထဲမှာ ဆက်သွယ်ရေးဆိုင်ရာထိန်းချုပ်မှုတွေသာမက အကြမ်းဖက်ဥပဒေအရ အရေးယူခံရသူပိုင်ဆိုင်တဲ့ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်းတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုလည်း နိုင်ငံပိုင်အဖြစ်သိမ်းယူဖို့နဲ့ ပတ်သက်ဆက်နွယ်နေသူ တွေအားလုံးကို ဖော်ထုတ်အရေးယူဖို့ပါ ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ တကယ်တော့ စစ်ကောင်စီဟာ အာဏာသိမ်းကာလ ၂ နှစ်အတွင်းမှာကတည်းက အုပ်ချုပ်ရေးယန္တရားကို ပိုမိုတည်ဆောက်ချဲ့ထွင်နိုင်ဖို့ ကြိုးစား နေခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြည်သူလူထုက လွတ်လပ်စွာရေးသားနေတဲ့အာဏာရှင်ဆန့်ကျင် ရေးနဲ့ဆက်စပ်တဲ့ ထင်မြင်ယူဆချက်မှန်သမျှကို တားမြစ်ပိတ်ပင်ဖို့အထိ လုပ်လာခဲ့တာဖြစ်ပါတယ်။ အရင်က လူမှု ကွန်ရက်ပေါ်မှာ ပို့စ်တင်တာနဲ့ပတ်သက်ပြီး တော်လှန်ရေးမှာတက်ကြွလှုပ်ရှားသူတွေ၊ ထောက်ပို့လုပ်နေသူတွေ ကိုသာ ဖမ်းဆီးခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ တော်လှန်ရေးနဲ့ အနည်းငယ်ဆက်စပ်ပြီး ရေးသားရင်တောင် ဖမ်းဆီးထောင်ချလာတာ တွေ့ရပါတယ်။ ဒီဘက်နှစ်ပိုင်းမှာဆိုရင် အမျိုးသမီးငယ် ၂ ယောက်ကို လူမှုကွန်ရက် ပေါ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို လှောင်ပြောင်ရေးသားတယ်ဆိုပြီး ဖမ်းဆီးတာခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် စစ်အုပ်ချုပ်ရေးဆန့်ကျင်ကြောင်း အမြင်တွေကိုဖော်ပြတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီလိုလားတဲ့ အွန်လိုင်းအသုံးပြုသူတွေက ဖမ်းဆီးဖို့နဲ့ အကြမ်းဖက်ဖို့၊ အဓမ္မပြုကျင့်ဖို့၊ သတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်မှုတွေလုပ် လာတယ်လို့ Myanmar Witness က ဇန်နဝါရီ ၂၅ ရက်မှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အဲဒီအစီရင်ခံစာအရ အမျိုး သမီးတွေအပေါ် နိုင်ငံရေး ပယောဂမကင်းတဲ့ အွန်လိုင်းအခွင့်အရေးချိုးဖောက်မှုတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အနည်းဆုံး ၅ ဆတိုးလာတယ်လို့ ဆိုထားပါတယ်။ တခြား နိုင်ငံတကာ လူမှုကွန်ရက်မီဒီယာတွေနဲ့နှိုင်းယှဉ်ရင် Telegram မှာ အဲဒီလိုချိုးဖောက်မှုမျိုး အဆ ၅၀၀ ပိုများလာတယ်လို့လည်း ဆိုထားပါတယ်။ အခုလို စစ်ကောင်စီက အီလက်ထရော နစ်ဆက်သွယ်ရေးကို ထိန်းချုပ်လာတာဟာ လူမှုကွန် ရက်တွေပေါ်က တုန့်ပြန်မှုတွေ၊ လှုပ်ရှားမှုတွေ၊ Click to Donate လို တော်လှန်ရေးကိုပံ့ပိုးနေတဲ့ နည်းလမ်းအမျိုး မျိုးမှာ ပြည်သူတွေတက်တက်ကြွကြွပါဝင်နေတာကို ဖိနှိပ်လိုတဲ့သဘောဖြစ်တယ်လို့လည်း NUG ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်ကပြောထားပါတယ်။ ဟုတ်ပါတယ်။ စစ်ကောင်စီဟာ မြေပြင်မှာ တော်လှန်ရေးအင်အားစု တွေကို စစ်ကို စစ်လို မရင်ဆိုင်နိုင်တော့တဲ့အတွက် ပြည်သူတွေကို ဓားစားခံလုပ်ပြီး အင်အားတွေ ဖြတ်တောက်ဖို့ နည်းလမ်းမျိုးစုံ ကြံဆလာတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ ပြည်သူတွေကို SMS ကတစ်ဆင့် အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့တာက အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုတဲ့ မက်ဆေ့ချ်မျိုးတွေအထိ ပေးပို့လာခဲ့တာလည်း တွေ့ရပါတယ်။ အဲဒါတွေအပြင် စစ်ကောင်စီဟာ ဖုန်းဆင်းကတ်ဒ်တွေကိုလည်း နာမည်၊ မှတ်ပုံတင်အမှန်နဲ့ ပြန်လည်စိစစ်မှုတွေအထိလုပ်ထားပြီးဖြစ်တယ်။ အဲဒါကြောင့် တော်လှန်ရေးမှာပါဝင်နေတဲ့ ပြည်သူတွေအနေနဲ့ အစစအရာရာ သတိထားဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ စစ်ကောင်စီ ခြောက်တိုင်း ကြောက်ရမယ်ဆိုရင် ပြည်သူတွေဟာ နွေဦးတော်လှန်ရေးကို စခဲ့မှာတောင်မဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတစ်ခုကို ကိုယ့်အကောင့်မှာတင်ပြီး စစ်ကောင်စီကို သဲလွန်စမပေးမိဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကြား အဆက်ဖြတ်ဖို့ စစ်ကောင်စီ ဘယ်လိုပဲ အကွက်ရွှေ့ရွှေ့ ကိုယ့်ဘက်ကစုစည်းမှုရှိနေမယ်ဆိုရင် တော်လှန်ရေးမုချအောင်မြင်မယ်ပဲလို့ ယုံကြည်ထားပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly