မဏိပူရ်ပြည်နယ်မှ မြန်မာစစ်ဘေးရှောင်များအား ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးပြီး နေထိုင်ရန် စခန်း ဆောက်လုပ်ပေးမည်

By ပါခွီး မဇ္စျိမ
27 March 2023
မဏိပူရ်ပြည်နယ်မှ မြန်မာစစ်ဘေးရှောင်များအား ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးပြီး နေထိုင်ရန် စခန်း ဆောက်လုပ်ပေးမည်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်များအား ယာယီနေထိုင်ခွင့်ကတ် များထုတ်ပေးပြီး နေထိုင်ရန်စခန်းဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဗမာပြည်ဒုက္ခသည်များ‌ကော်မတီ ( ကဘော်ချိုင့်ဝှမ်းဒေသ) Burma Refugee Committee Kabaw Valley(BRCK) ထံမှ သိရသည်။

မတ်လ ၂၆ ရက် နံနက်ပိုင်းက တင်နိုပယ်ခရိုင်၊ မိုးရေးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာတစ်ရွာ၌ မဏိပူရ် အစိုးရ၏ ဆုံးဖြတ်ချက်အရ မြန်မာစစ်ဘေးရှောင်များ၏ အရေးကိစ္စများဆောင်ရွက်ပေးရန် ဖွဲ့စည်းထား သော ကော်မတီဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးဦးလက်ပေါင်(ဟောင်ကစ်)၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာ စစ်ဘေးရှောင်များတွေဆုံရာတွင် အထက်အပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ရွာတွေမှာပြန့်ကြဲနေပြီး တိမ်းရှောင်နေရတဲ့သူတွေအတွက် တစ်နေရာထဲမှာ ကမ့်ပုံစံနဲ့ နေစရာဆောက် လုပ်ပြီး ထားမယ်၊ စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့လုံခြုံရေးအတွက်လည်း တတ်နိုင်သ လောက် ထောက်ပံ့ကူညီသွားမယ်လို့ ဝန်ကြီးကပြောခဲ့တယ်” ဟု BRCK နာယကဖြစ်သူ တမူးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထန်ဆေးက မဇ္စျိမကိုပြောသည်။

ဝန်ကြီးက စစ်ဘေးရှောင်စခန်းဆောက်လုပ်ရေးနှင့်ပတ်သက်ပြီး ၎င်းတို့အစိုးရမှ ဘဏ္ဍာငွေထုတ်ပေးမည် ဖြစ်သော်လည်း အကန့်အသတ်ရှိသောကြောင့် စခန်းဆောက်လုပ်ရေး ပိုမိုကောင်းမွန် အဆင်ပြေစေရန် အတွက် စစ်ဘေးရှောင်များကိုယ်တိုင်ပါဝင်ကူညီဆောက်လုပ်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ဝန်ကြီးနှင့်အတူလိုက်ပါလာသော ဌာနဆိုင်ရာအကြီးအကဲများက စခန်းဆောက်လုပ်ခြင်းလုပ်ငန်း အပြင် မီးရရှိရေး ၊ ကျန်းမာရေး ၊ ပညာရေး နှင့် စစ်ဘေးရှောင်များ၏ လုံခြုံရေးများကို တတ်နိုင်သလောက် တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

စခန်းအတွင်းနေထိုင်သူများကို ယာယီနေထိုင်ခွင့်ကတ်များထုတ်ပေးပြီး နိုင်ငံခြားသားအမှုဖြင့် ဖမ်းဆီး စစ်ဆေးခြင်းများမှ ကင်းလွတ်မည်ဖြစ်သော်လည်း မိမိသဘောဆန္ဒအရ စခန်းပြင်ပတွင်နေထိုင်သူများ ဖမ်းဆီးခံရပါက တာဝန်ယူမည်မဟုတ်ကြောင်း ဝန်ကြီးကတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ဆုံပွဲကို ဗမာပြည် ဒုက္ခသည်များ‌ကော်မတီ ( ကဘော်ချိုင့်ဝှမ်းဒေသ) နာယက ဦးထန်ဆေး၊ ဥက္ကဋ္ဌ ဒေါက်တာမျိုး၊ အမျိုးသမီး လူငယ်နှင့် ကလေးရေးရာတာဝန်ခံ ဒေါက်တာစိုးနှင့် မြန်မာပြည်သား စစ်ဘေးရှောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

BRCK နာယကနှင့် ဥက္ကဋ္ဌ ဖြစ်သူတို့မှလည်း ဝန်ကြီးနှင့်အဖွဲ့အား လာရောက်တွေ့ဆုံမှုအပေါ် ကျေးဇူးတင် ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းခဲ့သည့်အတွက် အသက်အန္တရာယ်လုံခြုံရေးကြောင့် ခိုလှုံလာသူများအား တတ်နိုင်သလောက် အကူအညီပေးပါရန် မေတ္တာရပ်ခံပြောကြားခဲ့ကြောင်း ဆိုသည်။

၎င်းအပြင် ယခုဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေး မအောင်မချင်း နေထိုင်ခွင့်ပြုပြီး ယာယီနေထိုင်ခွင့် အထောက်အထားကတ်များ ပြုလုပ်ပေးစေလိုကြောင်းနှင့် ရေရှည်အခြေချနေထိုင်ရန်အတွက်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်သည့်နေ့တွင် နေရပ်သို့ပြန်ကြမည်ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု ဦးထန်းဆေးက ပြောသည်။

ယင်းနောက် ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ BRCK မှ တာဝန်ရှိသူများသည် စစ်ဘေးရှောင်စခန်း ဆောက်လုပ်မည့်မြေနေရာအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး နယ်မြေပိုင်သူကြီးနှင့် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေဖြင့် တင်နိုပယ်ခရိုင်အတွင်းသာမက မြန်မာစစ်ဘေးရှောင်များ နေထိုင်သော ချန်ဒယ်ခရိုင်၊ ကမ်ဂျောင်ခရိုင်တို့တွင်လည်း ကူညီပေးရေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required