ကနီမြို့နယ် စစ်ဘေးရှောင်ကလေးငယ်များ အရေပြားရောဂါ ဖြစ်ပွားနေ

By KMN  မဇ္ဈိမ
26 March 2023
ကနီမြို့နယ် စစ်ဘေးရှောင်ကလေးငယ်များ အရေပြားရောဂါ ဖြစ်ပွားနေ
Photo - Pyae Aung Naing Kani

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်အများစုသည် အရေပြားရောဂါ ဖြစ်ပွားနေသည်ကိုတွေ့ရှိရကြောင်း ကနီမြို့နယ် လူထုတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က မဇ္ဈိမကိုပြောသည်။

“နေရာဒေသ ရွာအစုံနဲ့ ပြည်သူ့အခြေပြုကျောင်းတွေမှာ အဖြစ်များတယ်။ တချို့ကျောင်းတွေဆိုရင် သူငယ်တန်းကနေ ၁၀ တန်းအထိ ယားနာပေါက်ကြတယ်။ လူ ၄၀ မကဘူး တစ်ကျောင်းထဲမှာတင် ပေါက် တဲ့သူပေါက် ပျောက်တဲ့သူပျောက်ပဲ။ ကလေးတွေမှာ အဖြစ်များတယ်။ ကျွန်တော်တွေ့ရသလောက် ဆိုရင် တစ်နေရာတည်း ၁၅ ယောက်လောက် ရှိနေတာ။ ဒါတောင် ရာသီအကူးအပြောင်း အစရှိသေးတာ။ ဒီထက်ကူးစက်တာ များလာနိုင်တဲ့အနေအထားရှိတယ်။ မနှစ်ကလည်းပေါက်တယ် ဒီနှစ်က သိသိသာသာ များလာတာ” ဟု ၎င်းကဆိုသည်။

ရာသီဥတုကူးအပြောင်းတွင် စစ်ဘေးရှောင်အများစုမှာ မသန့်ရှင်းသည့်ရေကို သောက်သုံးမိခြင်း၊ အသက် အရွယ်အလိုက် သောက်သင့်ထိုးသင့်သည့်ဆေးဝါးများ မထိုး၊ မသောက်ခဲ့ရခြင်း၊ စစ်ကောင်စီက နည်း အမျိုးမျိုးဖြင့် ဆေးဝါးများကို ပိတ်ဆို့စစ်ဆေးရှာဖွေဖမ်းဆီးနေခြင်းများကြောင့် ရောဂါပြန့်ပွားမှုများ ရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်နေတဲ့သူကများတော့ ဘယ်ကျန်းမာရေးဝန်ထမ်းမှ အကုန်လိုက်ကုသမပေးနိုင်ဘူးလေ။ ကျေးလက် တွေမှာ တိုင်းရင်းဆေးနဲ့ပါ ကုသနေကြတယ်။ အရေပြားရောဂါဖြစ်တဲ့ ကလေးတွေ၊ လူငယ်တွေကို အနာ ကို သန့်သန့်ရှင်းရှင်းထားဖို့၊ အနာတွေကို လက်သည်းတွေနဲ့မဆိတ်ဖို့၊ ကိုင်ပြီးရင်လည်း လက်ဆေးဖို့ စသဖြင့်ပြောကြရတာပဲ။ ဆေးဝါးခက်ခဲတယ်။ ဒီလိုအနာတွေမဖြစ်အောင် ဖြစ်လာရင် ဘယ်လို လုပ်ရမယ် နေထိုင်ရမယ်ဆိုတဲ့ အသိပညာပေးမှုတွေများများ လိုအပ်တယ်” ဟု ကိုပြည့်အောင်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ် အများစုသည် အရေပြားရောဂါ ဖြစ်ပွား နေသည့်နည်းတူ ကရင်နီ(ကယား) ပြည်နယ်တွင်လည်း တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေး ရှောင် ရာနှင့်ချီကာ ယားနာဝေဒနာ ကူးစက်ခံစားနေရပြီး ဆေးဝါး၊ သောက်သုံးရေ၊ နေရာထိုင်ခင်း အကူ အညီများ လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် HOPE - The Humanitarian Organization တာဝန်ခံက မဇ္ဈိမကို ပြောသည်။

စာတည်း ။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly