KNU တပ်မဟာ (၁)နယ်မြေတွင် လေကြောင်းမှပစ်ခတ်ခံရ၍  သီလရှင် ၁ ပါးနှင့် ဒေသခံ ၁ ဦး သေဆုံး 

KNU တပ်မဟာ (၁)နယ်မြေတွင် လေကြောင်းမှပစ်ခတ်ခံရ၍  သီလရှင် ၁ ပါးနှင့် ဒေသခံ ၁ ဦး သေဆုံး 

ကရင်ပြည်နယ် ဘားအံမြို့နယ် KNU တပ်မဟာ(၁)ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် သီလရှင်တစ်ပါးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထား သည်။

“အဲ့ဒီနေ့ (မတ်လ ၂၂ ရက်) မနက်က ညောင်ကုန်းမှာ တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီတိုက်ပွဲပြီးတော့ စကစ (စစ်ကောင်စီတပ်ဖွဲ့)ကပစ်တဲ့လက်နက်ကြီးက တံတားဦးထဲလာကျတာ။ ညဘက် လေယာဉ်လာတုန်းက ကျွန်တော်တို့က မြဝတီဘက်သွားတယ် ထင်နေတာ၊ ပြီးမှ ဗုံးကြဲသွားမှန်းသိတယ်”ဟု ကမမောင်းဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက် နံနက် ၆ နာရီတွင် ညောင်ကုန်းကျေးရွာ၊ ကမာမောင်း-ဝါးဘိုးတောလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းအထိုင်ချနေ သော ညောင်ကုန်းစခန်းနှင့် စစ်ကောင်စီတပ်စခန်းတစ်ခု စုစုပေါင်းနှစ်ခုအား KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ညောင်ကုန်း BGF စခန်းမှ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ရာတွင် ဘားအံမြို့နယ်၊ ကျုံခနကျေးနယ်၊ တံတားဦးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ သက်တော် (၆၆) နှစ်အရွယ်ရှိ သီလရှင်တစ်ပါးဆုံးပါးခဲ့ပြီး အသက်(၁၃) နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၂ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ တကောင်ဘိုးကျေးနယ်၊ လားဃဲ့ဃော်ရွာအတွင်းသို့ ကျရောက်ခဲ့ပြီး အသက် (၅၅) နှစ်အရွယ် ရွာသားတစ်ဦး ဗုံးစထိမှန်သေဆုံးကာ နေအိမ်တစ်လုံးနှင့် မန်ဂျန်ရှား စိုက်ခင်း တစ်ခြံပျက်စီးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကရင်လူ့အခွင့်အရေး အဖွဲ့(KHRG)က “မတ်လ ၂၂ ရက်နေ့ အစောပိုင်းတွင် စစ်ကောင်စီတပ်၏ စခန်းတစ်ခုကို KNLA စစ်သား များက တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ရွာသား(ဒေသခံ)များက ယူဆကြကြောင်း” ထုတ်ပြန်ပြောဆိုထားသည်။ 

မတ်လ ၂၂ ရက်နေ့ ညောင်ကုန်း BGF စခန်းနှင့် စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ဘက်မှ သေဆုံးသူ ရှစ်ဦးရှိပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ 
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ညောင်ကုန်း BGF စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ညောင်ကုန်းကျေးရွာမှ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required