ဘီးလင်းမြို့မှ  BGF စခန်းတခုကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊BGFတပ်ဖွဲ့ဝင်၆ဦး သေဆုံးဟုဆို 

By ဂျူချန်း၊YT မဇ္ဈိမ
25 March 2023
ဘီးလင်းမြို့မှ  BGF စခန်းတခုကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊BGFတပ်ဖွဲ့ဝင်၆ဦး သေဆုံးဟုဆို 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ လယ်ဆော့လော့ BGF စခန်းအား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အဖွဲ့မှ သတင်းထုတ်ပြန်သည်။ 

ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာနှင့် ရွှေလောင်အင်းအကြားရှိ စစ်ကောင်စီ၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် ( BGF ) အထိုင်ချနေသော လယ်ဆော့လော့ စစ်ကောင်စီစခန်းအား မတ်လ ၂၂ ရက်နေ့၊ နံနက်အစောပိုင်းတွင် တပ်မဟာ (၁) KNLA၊ PDF၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်)  PPDF-KD ပါဝင်သောပူးပေါင်းတပ်ဖွဲ့မှ စခန်းသိမ်းတိုက်ပွဲအဖြစ် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“BGFတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးပြီး လက်နက်ငါးလက်နဲ့ ခဲယမ်းများသိမ်းဆည်းရရှိပါတယ်။ ပူးပေါင်းအဖွဲ့က PDFရဲဘော်တဦး ဦးခေါင်းရှပ်ထိဒဏ်ရာရခဲ့ပါတယ်” ဟု KNU  တပ်မဟာ (၁) သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။ 

PPDF- KD ​၏ ထုတ်ပြန်ချက်တွင်လည်း BGF တပ်သားခြောက်ဦးသေဆုံးပြီး သေနတ်ငါးလက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦး ဦးခေါင်းအား သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။  BGF တပ်ဖွဲ့တင် ခြောက်ဦး သေဆုံးခြင်းနှင့် ပတ်သက်၍ မဇ္ဈိမ မှ သီးခြားအတည်ပြုချက် မရသေးပေ။ 

အဆိုပါတိုက်ခိုက်မှုတွင် လယ်ဆော့လော့ BGF တပ်စခန်းမှ RPG တလက်၊ လက်နက်ငယ်လေးလက်နှင့် ဗုံးသီး၊ ကျည်ဆံစသည့် လက်နက်ခဲယမ်းများကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ယင်းနေ့ မတ်လ ၂၂ ရက်နေ့တွင်ပင် သထုံမြို့နယ်ရှိ စကခ(၈) လက်အောက်ခံ စစ်ကောင်စီ၏ ပိန္နဲတော တပ်စခန်းအား KNLA၊ PDF ပူးပေါင်းတပ်နှင့် Thaton People Defense Force-TPDF Drone အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကိုမူ မသိရသေးကြောင်း TPDF မှ ထုတ်ပြန်ထားသည်။ 

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အနေဖြင့် သက်ဆိုင်ရာနယ်မြေအလိုက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ PDF များ၊LPDF(ဒေသကာကွယ်ရေးအဖွဲ့) များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရေးမစ်ရှင်များ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required