ဒီမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အရာရှိအပါအဝင် အများအပြားသေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ 

By မောင်ခက်နွေ (မဇ္ဈိမ)
25 March 2023
ဒီမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အရာရှိအပါအဝင် အများအပြားသေဆုံး၊ လက်နက်များ သိမ်းဆည်းရမိ 

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊  ဒေါတမကြီးကျေးရွာ၌ လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အရာရှိအပါအဝင် ၉၀ ကျော် သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။ 

ဒေါတမကြီးကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တပ်စွဲထားသည့် ကျေးရွာဖြစ်ပြီး မတ်လ ၂၀ ရက်နေ့မှ  ၂၃ ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ   MA-1 ၁၀ လက် ၊ MA-2 ၁၀ လက် ၊ MA-3 ၁၀ လက် ၊ MA-4  79တွဲ တစ်လက် ၊ 9MM ပစ္စတို ငါးလက် ၊ RPG  နှစ်လက် ၊ ၆၀ မမ ပြောင်း နှစ်ပြောင်း ၊ မိုင်းရှာစက် တစ်လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာများ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်၏ တာဝန်ခံကပြောသည်။ 

တိုက်ပွဲအတွင်း လက်ရှိအချိန်ထိ KNDF မှ ရဲဘော် နှစ်ဦး ၊ KA မှရဲဘော် နှစ်ဦး ၊ နေပြည်တော် PDF မှ ရဲဘော် တစ်ဦးတို့ ကျဆုံးခဲ့ရသည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအရာရှိ သေဆုံးသည့် အခြေအနေကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ ၏ စစ်ကြောင်းကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ပစ်ခတ်မှု အပြင် မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။ 

“လေယာဉ်ကတော့ နေ့တိုင်းပဲ မတ်လ ၉ ရက်နေ့ကတည်းက နေ့တိုင်းလေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အခုထိပဲ၊ ကျွန်တော်တို့ အဲ့တာတွေကို မှတ်တမ်းတင်နေပါတယ်”ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဗဟို  သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

ယနေ့ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းမှ  ဒေါဆိုဖျ ကျေးရွာကို ပြန်လည်စစ်ကြောင်းထိုးလာနေသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ မတ်လ ၈ ရက်နေ့ မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း သုံးကြောင်းခွဲကာ အင်အား ၃၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်  ကရင်နီ ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေသည်ဟု သိရသည်။ 

စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း သုံးရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများသည်  ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများထဲကို စတင်ထိုးစစ်ဆင် ဝင်ရောက်လာချိန်တွင် ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်မှုများကြောင့် နေ့စဉ်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟုလည်း သိရသည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required