စစ်ကောင်စီ၏ လေယာဉ်ဆီအဝယ်တော်နှင့် ခရိုနီများကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 

စစ်ကောင်စီ၏ လေယာဉ်ဆီအဝယ်တော်နှင့် ခရိုနီများကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 

စစ်ကောင်စီ၏ လေယာဉ်ဆီအဝယ်တော်နှင့် ခရိုနီများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးက သတင်းထုတ်ပြန်သည်။ 

ဒဏ်ခတ်ပိတ်ဆို့ခံရသူများမှာ လူနှစ်ဦးနှင့် ကုမ္ပဏီခြောက်ခုတို့ ဖြစ်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေသည့် မြန်မာစစ်အာဏာရှင် အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် လုပ်ဆောင်ခြင်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကန်က ပြောသည်။ 

" ယနေ့တွင် လူပုဂ္ဂိုလ်နှစ်ဦးနှင့် လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို မိမိတို့ အရေးယူသတ်မှတ်မှုများ ပြုလုပ်မည်ဖြစ်သည်။ အာဏာရှင် အဖွဲ့အစည်းသည် မြန်မာပြည်သူများကို နာကျင်မှုနှင့် အတိဒုက္ခများသာ ဆက်လက်ပေးအပ်လျက်ရှိပါသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် (ဦး) ထွန်းမင်းလတ်၊ ၄င်း၏ ဇနီး (ဒေါ်) ဝင်းမင်းစိုးနှင့် (ဦး) ထွန်းမင်းလတ် ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိသည့် လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများပြုလုပ်မည် ဖြစ်သည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ထို့ပြင် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံ လေယာဉ်လောင်စာဆီထောက်ပံ့ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်နေသည့် ဒဏ်ခတ်ပိတ်ဆို့ခံရနိုင်ခြေများနှင့်ပတ်သက်ပြီး ကိုယ်ပိုင်လုပ်ငန်းများ၊  စီးပွားရေးလုပ်ငန်းများနှင့် အခြားသူများကို သတင်းအချက်အလက်များပေးရန် မြန်မာ့လေယာဉ်  လောင်စာဆီနှင့်စပ်လျဉ်းသည့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု သတိပေးချက် တစ်ခုကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်မည်ဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်မှုများသည် ကနေဒါ၊ ဥရောပသမဂ္ဂနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ အရေးယူမှုများအတိုင်း ထပ်တူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း  အမေရိကန်က ဆိုသည်။ 

"အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများကို အားပေးထောက်ခံသွားရန် သန္နိဋ္ဌာန်ချထားပြီး အထက်ဖေါ်ပြပါ ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာတွင် အာဏာရှင်အဖွဲ့ အစည်းက အသုံးပြုသော အရင်းအမြစ်များကို ဖြတ်တောက်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားပါမည်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလက်ကင်က ပြောသည်။ 

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးနေသဖြင့် ပိတ်ဆို့အရေးယူခံရသည့် ကုမ္ပဏီ ခြောက်ခုမှာ ASIA SUN GROUP ၊ ASIA SUN TRADING CO. LTD ၊ CARGO LINK PETROLEUM LOGISTICS CO. LTD ၊ STAR SAPPHIRE GROUP OF COMPANIES ၊ STAR SAPPHIRE TRADING COMPANY LIMITED နှင့် စင်ကာပူ အခြေစိုက် STAR SAPPHIRE GROUP PTE. LTD တို့ဖြစ်သည်။ 

ယခုစာရင်းတွင် ပိတ်ဆို့အရေးယူခံရသည့် လူနှစ်ဦးအနက် ထွန်းမင်းလတ်မှာ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံရသည်။ ဖမ်းဆီးရမိစဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးများ ထိုင်းနိုင်ငံတွင် ပိုင်ဆိုင်ထားသည့် ဘဏ်အကောင့်များ၊ ကွန်ဒိုတိုက်ခန်းများ၏ ပိုင်ဆိုင်မှုစာရွက် စာတမ်းများကိုပါ သိမ်းဆည်းရမိခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly