မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်း တိုက်ခိုက်ခံနေရပြီး အာရှလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေ 

By သွင်ထူးဈာန်(ကော်သူးလေ)၊ YT မဇ္ဈိမ
25 March 2023
မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်း တိုက်ခိုက်ခံနေရပြီး အာရှလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေ 

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းကို ယနေ့မတ်လ၂၅ရက် နံနက် ၅ နာရီဝန်းကျင်မှ စတင်ပြီး ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေကြောင်း သိရသည်။ 

မြဝတီ-ကော့ကရိတ်မြို့ အာရှကားလမ်းမကြီး နေရာအချို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အာရှကားလမ်းမကြီး လမ်းပိုင်းပျက်စီးမှုများရှိနေကြောင်း သိရသည်။ 

“မနက်အစောကြီး တိုက်ပွဲဖြစ်နေတာ လက်နက်ကြီး လက်နက်ငယ်တွေ အစုံကြားနေရတယ်။ ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းထားနိုင်တယ်လို့ ကြားထားတယ်၊ ဗျူဟာစခန်းကို ဆက်တိုက်နေတယ်”ဟု မြဝတီမြို့ ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့က Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်များကို အသုံးပြုကာ လေကြောင်းပစ်ကူများ ပြုလုပ်နေကြောင်း သိရသည်။ 

"ပူးပေါင်းတပ်ဖွဲ့က ည ၁၁ နာရီလောက်ကတည်းက ကင်းပုန်းဝပ်နေတာ။ မနက် ၅ နာရီလောက်မှာစပြီးလှုပ်ရှားတာ။ သင်္ဃန်းညီနောင်ရဲစခန်းကို မီးရှို့တယ်။ ကုန်သွယ်ရေးဇုန်နေရာတွေမှာ တိုက်ပွဲဖြစ်တယ်။ မဲကနယ်တစ်ဝိုက်၊ ရွာဟောင်း၊ ရွာသစ်နဲ့ ကျုံဒိုး တပ်ရင်း (၅၄၅)၊ (၅၄၆) နားမှာ တိုက်ပွဲဖြစ်နေတယ်" ဟု ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

လက်ရှိအချိန်အထိ မြဝတီတစ်မြို့လုံးတွင် လက်နက်ကြီး လက်နက်ငယ်သံများ ဆူညံစွာထွက်ပေါ်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ 

မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)ကိုလည်း မြန်မာဘက်မှ ပိတ်ထားခဲ့ပြီး ထိုင်းဘက်မှလည်း လုံခြုံရေးအများအပြားဖြင့် ကင်းလှည့်နေကြောင်း သိရသည်။ 

တိုက်ပွဲကြောင့် အာရှကားလမ်းမကြီး ပျက်စီးမှုများရှိနေပြီး ကားလမ်းများ ပိတ်နေကြောင်းလည်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် သင်္ဃန်းညီနောင်ရဲစခန်း၊ ကုန်သွယ်ရေးဇုန်အတွင်းရှိ အကောက်ခွန်ရုံးနှင့် စီးပွားကူးသန်းရေးရုံးတို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ 

နှစ်ဖက်တိုက်ပွဲအခြေနေ အသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်စုံးစမ်းနေဆဲ ဖြစ်သည်။ 

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly