ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး 

By လွှမ်းမိုး မဇ္ဈိမ
25 March 2023
ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး 

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့  တောင်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဆုံကုန်းကျေးရွာကို ယနေ့ မတ်လ ၂၅ ရက် နံနက် ၈ နာရီ အချိန်မှ စတင်၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

"ရွာပေါ်က မီးခိုးလုံးကြီးတွေ သုံးနေရာလောက်ကနေ ခွဲထွက်လာတယ်။ အိမ်ခြေက စိပ်တော့ ပျက်စီးဆုံးရှုံးမှုက များနိုင်တယ်။ မီးလောင်နေတာ တစ်နာရီကျော် ရှိပြီ။ အခုထိ လောင်အား ကောင်းနေတုန်းပဲ။ စစ်ကောင်စီတပ်သားတွေက ရွာမှာပဲ တပ်စွဲထားတဲ့အတွက် မီးလောင်အိမ်ခြေ အရေအတွက် မသိရသေးဘူး" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ဆုံကုန်း ၊ ညောင်ပင်ကန် ၊ ညောင်ရိပ်သာ ၊ ကံသစ် ၊ ယုန်လှေးကုန်း ၊ အုတ်ကျင်း ၊ တရော်တော ၊ ကုက္ကိုစု စသည့်ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။ 

“စစ်ကြောင်းတွေ လာပြီဆိုရင် ဒူးတွေ တုန် ၊ ရင်တွေတုန်နဲ့  လူကပျာပြီး ပစ္စည်းတွေ အကုန်မေ့နေခဲ့တာ ။ နွေက ရောက်ပြီ ဆိုတော့ ရေအခက်အခဲက တော်တော်လေးဆိုးတယ်။နေက ပူတော့ သစ်ပင် အရိပ်ကောင်းတာလေးအောက် စုပြီးနေရကြရတာ။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းပစ် ၊ သေနတ်တွေ ဖောက်နေတာတွေ ရှိတယ် “ ဟု စစ်ရှောင်ပြည်သူတစ်ဦးက ဆိုသည်။ 

ဘုတလင်မြို့နယ်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များကြား အခြေအနေ တင်းမာလျှက်ရှိကြောင်း သိရသည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required