လွှတ်တော်ကိုယ်စားလှယ်မှသည် တော်လှန်ရေးသမားဖြစ်လာသည့် သမ္မတဟောင်း မန်းဝင်းမောင်၏မြေး မန်းထူးကျော် 

By မင်းထက် မဇ္ဈိမ
25 March 2023
လွှတ်တော်ကိုယ်စားလှယ်မှသည် တော်လှန်ရေးသမားဖြစ်လာသည့် သမ္မတဟောင်း မန်းဝင်းမောင်၏မြေး မန်းထူးကျော် 

လွှတ်တော်ကိုယ်စားလှယ်ဘဝမှ မောင်းပြန် သေနတ်ကိုင်ကာ တော်လှန်ရေးသမားဘဝကို အပြည့်အဝခံယူလာသူဖြစ်သည်။ 

ထိုသူမှာ မြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတ မန်းဝင်းမောင်၏ မြေးအငယ်ဆုံး ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် အသက် ၃၈ နှစ် အရွယ် မန်းထူးကျော်ဖြစ်သည်။ 

သမ္မတဟောင်း မန်းဝင်းမောင်သည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံ၏ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့်အဖွဲ့က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့သည်။ 

အာဏာသိမ်းသည့်နေ့၌ ရန်ကုန်မြို့တွင်ရှိနေသည့် မန်းထူးကျော်သည် ရန်ကုန်မြို့ပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များနှင့် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ 

ထို့နောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၎င်းဝင်ရောက်ရွေးကောက်ခံခဲ့သည့် ငပုတောမြို့နယ်သို့ပြန်ကာ ပြည်သူလူထုနှင့်အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များတွင် ဦးဆောင်ပါဝင်ခဲ့သည်။ 

ဖေဖော်ဝါရီလလယ်ခန့်တွင် ငပုတောမြို့နယ် ရဲစခန်းမှ  အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် မန်းထူးကျော်ကို အမှုဖွင့်ခဲ့သည့်အတွက် လွတ်မြောက်နယ်မြေတစ်နေရာသို့ ရှောင်တိမ်းခဲ့ရသည်။ 

ထိုအချိန်မှစကာ သူ၏ တော်လှန်ရေးသမားဘဝကို စတင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေတစ်နေရာတွင် "မန်းဒေါက်" အမည်ဖြင့် PDF စခန်းတစ်ခုကို ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ 

"ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ဆရာဝန်တစ်ယောက် ပေါင်းပြီး PDF စခန်း စထောင်ခဲ့တာပါ။ သူက ဒေါက်တာ ကျွန်တော်က မန်းထူးကျော်ဆိုတော့ နာမည်နှစ်ခုပေါင်းပြီး "မန်းဒေါက်"ဆိုတာဖြစ်လာတာဆိုပါတော့"ဟု မန်းထူးကျော်က ဆိုသည်။ 

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရခဲ့သည့်အပေါ်  အာဏာသိမ်းခဲ့သည့်ဖြစ်ရပ်မှာ အာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူကိုစော်ကားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ 

လွှတ်တော်ကိုယ်စားလှယ်များတွင် ဥပဒေပြုသည့်တာဝန်၊ ကိုယ်စားပြုသည့်တာဝန်၊ စောင့်ကြည့်သည့်တာဝန်များရှိပြီး ထိုတာဝန်များမှာ ပြည်သူနှင့် တသားတည်းရှိခြင်းဆိုသည်ကို ဖော်ပြခြင်းဖြစ်သည့်အတွက် ပြည်သူ့ ခုခံတော်လှန်စစ်တွင် ပါဝင်လာရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ 

"အာဏာသိမ်းပြီး ကျွန်တော်က ကိုယ်စားလှယ်တစ်ယောက်ဖြစ်တော့ စောင့်ကြည့်ခံရတယ်။ ကျွန်တော်တို့ငြိမ်းချမ်းစွာဆန္ဒပြနေချိန်မှာ လက်နက်အားကိုးနဲ့ ပြည်သူတွေကို ပစ်သတ်ခဲ့တယ်။ ဒီအတွက် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်"ဟု ဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတည်ထောင်ပြီးနောက် လက်နက်၊ ရိက္ခာအတွက် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ ပိုင်ဆိုင်မှုအချို့ကို ရောင်းချ၍ သော်လည်းကောင်း၊ ပြည်သူများ၏ အကူအညီများဖြင့် သော်လည်းကောင်း ထိုအခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နေရသည်ဟု ဆိုသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် "မန်းဒေါက်" PDF တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှုများ ရှိခဲ့ဖူးသည်ဟု မန်းထူးကျော်က ပြောသည်။ 

"မန်းဒေါက်က ကျွန်တော်တို့ရဲ့ မိခင်တပ်ရင်းပါ။ အခု ကျွန်တော်တို့ရှေ့တန်းထွက်နေတော့ မန်းဒေါက်မှာ မအူပင်က လွှတ်တော်အမတ် ကိုသိန်းဝင်းဇော် တာဝန်ခံအနေနဲ့ ကျန်ခဲ့တယ်"ဟု ဆိုသည်။ 

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် KNU တပ်မဟာ (၁)နယ်မြေ ၊တပ်ရင်း(၃)သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး မတ်လ အစောပိုင်းတွင် အမှတ်(၂) စစ်ဒေသ တပ်ရင်း (၃) သထုံခရိုင်တွင် ဒုတပ်ရင်းမှူးဖြစ်လာခဲ့သည်။ 

လက်ရှိအချိန်တွင် KNU ထိန်းချုပ်နယ်မြေတစ်နေရာ၌ အာဠာဝက စစ်ကြောင်း၏ စစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ရှေ့တန်း စစ်မျက်နှာ တစ်နေရာတွင် ရှိနေသည်ဟု ၎င်းကပြောသည်။ 

"အခက်ခဲကတော့အများကြီးရှိတယ်။ ပြောပြရရင် တစ်ထောင့်တစ်ညကုန်မယ်မထင်ဘူး။ ကျွန်တော် ပြည်သူတွေနဲ့ တသားတည်းရှိတယ်။ပြည်သူတွေဆန္ဒပြတယ် ။ကျွန်တော်လည်းဆန္ဒပြတယ်။ ပြည်သူတွေ ခုခံတော်လှန်စစ်ကိုဆင်နွှဲတယ်။ ကျွန်တော်လည်းတော်လှန်ရေးမှာဦးဆောင်နေတယ်။ကျွန်တော် ပြည်သူနဲ့တသားတည်းရပ်တည်နေပါတယ်"ဟု မန်းထူးကျော်က ပြောသည်။ 

အကြမ်းဖက် စစ်ကောင်စီပြုတ်ကျပြီး တော်လှန်ရေးအောင် မြင်သည်အထိ တော်လှန်ရေးသမားတစ်ဦးအဖြစ် လက်နက်ကိုင်တိုက်ပွဲဝင်နေမည်ဟု ၎င်းကပြောသည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ဧရာဝတီတိုင်းမှ NLD လွှတ်တော်ကိုယ်စားလှယ် ငါးဦးခန့်ရှိပြီး၊ အချို့လွှတ်တော်ကိုယ်စားလှယ်များမှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူ နေထိုင်ကာ ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။ 

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly