မြောက်ပိုင်းအဖွဲ့နဲ့ တရုတ်အထူးသံ ဘာတွေအကြိတ်အနယ်ဆွေးနွေးနေသလဲ (ဆောင်းပါး)

By ( ဓားရိုင်း ) 
24 March 2023
မြောက်ပိုင်းအဖွဲ့နဲ့ တရုတ်အထူးသံ ဘာတွေအကြိတ်အနယ်ဆွေးနွေးနေသလဲ (ဆောင်းပါး)

မြန်မာ့အရေး ၃ နှစ်တာကာလအတွင်းရောက်လာချိန် တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေလည်း သိသိသာသာ တွေ့လာရပါတယ်။ ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ တရုတ်အစိုးရဟာ အာရှရေးရာ အထူးသံတမန်သစ် အဖြစ် မစ္စတာ တိန့်ရှီကျွန်း ကိုခန့်အပ်ပြီး မြန်မာ့အရေးကို ထဲထဲဝင်ဝင် ဝင်ရောက်ဖြေရှင်းလာခဲ့တာတွေ့နေရ ပါတယ်။ တရုတ်အစိုးရရဲ့ တရားဝင်ခေါ်ဆိုမှုအရ “အာရှရေးရာ အထူးသံတမန်” လို့ဆိုပေမယ့် တကယ်တမ်းမှာ အဲဒီအထူးသံတမန်ဟာ မြန်မာ့အရေးကိုသာ အလေးထားကိုင်တွယ်ရတဲ့ အထူးသံတမန်တစ်ဦးသာဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီတရုတ်သံတမန်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ တရုတ်နိုင်ငံ‌ခြားရေးဝန်ကြီးဌာနရဲ့ အထူးသံတမန်ဆိုပြီး ခေါ်ဝေါ်သုံးနှုန်းလာကြတာတွေ့ရပါတယ်။ တကယ်တော့ တရုတ်အစိုးရဟာ ၂၀၁၁ ခုနှစ် ကတည်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး စောင့်ကြည့်ပါဝင်ပတ်သက်ဖို့ သံတမန်တစ်ဦးကို စတင်ခန့်အပ်ခဲ့တာပါ။ အဲဒီအချိန်က တရုတ်သံတမန်ရဲ့ အခန်းကဏ္ဍတွေ ထူးထူးခြားခြားမရှိခဲ့တာမို့ လူသိပ်မသိခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဝါရင့်သံတမန်တစ်ဦးဖြစ်တဲ့ မစ္စတာ ဆွန်ကော့ရှန် အာရှရေးရာ အထူးသံတမန် ဖြစ်လာချိန်မှသာ တရုတ် သံတမန်ရဲ့လှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား တွေ့လာရတာဖြစ်ပါတယ်။ မစ္စတာ ဆွန်ကော့ရှန်ဟာ နိုင်ငံတချို့မှာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝါရင့်သံတမန်ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်း ကြောင်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် အောက်တို ဘာ ၁၅ ရက်မှာ NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ်ဆိုတဲ့အချိန်မှာ မစ္စတာ ဆွန်ကော့ ရှန်ရဲ့ လုပ်ဆောင်ချက်တွေကို တွေ့လာရတာဖြစ်ပါတယ်။ NCA ရေးထိုးရာမှာ တရုတ်နယ်စပ်တစ်လျှောက်က မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပါဝင်တာ မရှိခဲ့တဲ့အပြင် ၂၀၁၅၊ ၂၀၁၆ ကစပြီး AA ၊ TNLA ၊ MNDAA စတဲ့ မြောက်ပိုင်းစစ်ရေးမဟာမိတ် ၃ ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တရုတ်နယ်စပ်တစ်လျှောက် တိုက်ပွဲ တွေပြင်းထန်စွာဖြစ်ပွားခဲ့ရာမှာ တရုတ်သံတမန် ဆွန်ကော့ရှန်ရဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်တွေ့လာခဲ့ရတာ ဖြစ်ပါတယ်။ မစ္စတာဆွန်ကော့ရှန်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြုလုပ်တဲ့ မိုင်ဂျာယန်ညီလာခံကို တက်ရောက်ခဲ့သလို မြောက်ပိုင်း ၇ ဖွဲ့ကို အစုအဖွဲ့လိုက်ရော တစ်ဖွဲ့ချင်းပါ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ တစ်ဖက်မှာလည်း နေပြည်တော်ကိုလာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ နှစ်စဉ်လိုလို ပြုလုပ်ခဲ့တာပါ။ ၂၀၁၅-၂၀၁၆ ခုနှစ်တွေအတွင်း တရုတ်အထူးသံတမန်ဟာ မြောက်ပိုင်းအဖွဲ့တွေကို NCA လက်မှတ်ရေးထိုးဖို့အတွက် လူကိုယ်တိုင်တွေ့ဆုံတာအပြင် ဖုန်းနဲ့ ဆက်သွယ်ပြီး လည်း အကြိမ်ကြိမ်တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ ခုနှစ်မှာ တရုတ်ရဲ့တိုက်တွန်းမှု ကိုတုံ့ပြန်တဲ့အနေနဲ့ မြောက်ပိုင်း ၇ ဖွဲ့ဟာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ(FPNCC)ဆိုတဲ့ နိုင်ငံ ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီး NCA မဟုတ်တဲ့ ဆွေးနွေးပွဲလမ်းကြောင်းကိုသွားမယ်လို့ ကြေညာခဲ့တာ တွေ့ရပါ တယ်။ အချုပ်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ် အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းကြောင်းကို မစ္စတာ ဆွန်ကော့ရှန်က လမ်းကြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။  

အခုလည်း တရုတ်အထူးသံတမန်သစ် မစ္စတာ တိန့်ရှီကျွန်းဟာ အခြေအနေနဲ့ အချိန်အခါ မတူပေမယ့် မစ္စတာ ဆွန်ကော့ရှန် လမ်းစဉ်ကိုလိုက်ဖို့ ကြိုးစားလာခဲ့တာတွေ့ရပါတယ်။ သံတမန်သစ်အဖြစ်ခန့်အပ်ခံရပြီး မကြာခင် မှာပဲ မစ္စတာ တိန့်ရှီကျွန်းဟာ မြန်မာ့အရေးအတွက် ခြေလှမ်းတွေ စတင်ခဲ့တာဖြစ်ပါတယ်။ မစ္စတာ တိန့်ရှီကျွန်း ဟာ သံတမန်သစ်ဖြစ်ပြီး သုံးလအတွင်းမှာပဲ မြောက်ပိုင်းအဖွဲ့တွေနဲ့နှစ်ကြိမ်၊ စစ်ကောင်စီခေါင်းဆောင်နဲ့နှစ်ကြိမ် တရားဝင်တွေ့ဆုံမှုတွေလုပ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်းမှာပဲ မြောက်ပိုင်း ၇ ဖွဲ့နဲ့ ဖွဲ့စည်း ထားတဲ့ FPNCC ခေါင်းဆောင်တွေဟာ ယူနန်ပြည်နယ်မြို့တော် ကူမင်းကိုသွားရောက်ပြီး တရုတ်အထူးသံ မစ္စတာ တိန့်ရှီကျွန်းနဲ့ ထပ်မံတွေ့ဆုံထားခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ နှစ်ရက်တာ အစည်းအဝေးကျင်းပပြီး မြောက်ပိုင်းအဖွဲ့တွေက သဘောထားထုတ်ပြန် ချက်တစ်စောင်ကို ထုတ်ပြန်ထားခဲ့တာပါ။ အဲဒီကြေညာချက်ထဲမှာ မြန်မာပြည်တွင်းရေးနဲ့ပတ်သက်လို့ ဗမာပြည် မနဲ့ အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်တည်ထောင်ရမယ်လို့ ဆို ထားပါတယ်။ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ နည်းလမ်းမျိုးစုံရှိနိုင်ပေမယ့် နောက်ဆုံးမှာ မိမိတို့ တိုင်းရင်း သားတွေရဲ့အင်အားနဲ့ အစွမ်းအစကိုသာ အားကိုးမယ်လို့ ဆိုထားတာပါ။ ဒါ့အပြင် မြန်မာပြည်တွင်း ပဋိပက္ခတွေ ပြေလည်ချုပ်ငြိမ်းဖို့ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို ကြိုဆိုထောက်ခံပြီး အစည်းအဝေးမှာ မြောက်ပိုင်း ၇ ဖွဲ့အကြား နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းမှုနဲ့ ရင်းနှီးမှုတွေကို တိုးမြှင်နိုင်ခဲ့တယ်လို့ ဆိုထား ပါတယ်။ နောက်ပြီး ကိုဗစ်ကပ်ရောဂါကာလအတွင်း အကူအညီပေးအပ်ခဲ့တဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း လည်းဆိုခဲ့ပြီး တရုတ်အစိုးရနဲ့ ဆက်လက်လက်တွဲကာ နယ်စပ်တည်ငြိမ်မှု တိုးမြှင့်ရေး အပါအဝင် ကျန်းမာရေး ၊ လူမှုရေး ၊ လူဝင်မှု ၊ ကုန်သွယ်မှု ၊ ကူးသန်းသွားလာရေး အပါအဝင် တခြားကဏ္ဍ အသီးသီးမှာလည်း ပူးပေါင်းလုပ် ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ ဒီကြေညာချက်ကိုကြည့်မယ်ဆိုရင် မြောက်ပိုင်းအဖွဲ့တွေဟာ လက်ရှိ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့သဘောထားကို စောင့်ကြည့်နေရပုံရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်း မြောက်ပိုင်းအဖွဲ့ခေါင်းဆောင်တွေနဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုမှာလည်း တရုတ်အထူးသံက မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တချို့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပြီး တချို့အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ဆွေးနွေးမှုမရှိတဲ့အပေါ်မြောက်ပိုင်းအဖွဲ့တွေအတွင်း ညီညွတ်မှုမရှိဖြစ်နေတယ်လို့ မှတ်ချက်ပေးခဲ့ဖူးတာ ဖြစ်ပါ တယ်။ ဒါ့အပြင် မြောက်ပိုင်းအဖွဲ့တွေကို စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့တိုက်တွန်းခဲ့သလို နေပြည်တော် ကိုလည်း နှစ်ခေါက်သွားခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာပါ။ အခုလို တရုတ်အထူးသံရဲ့ မြန်မာ ပြည်မြောက်ပိုင်းနဲ့ နေပြည်တော်ခရီးစဉ်တွေအပြီးမှာပဲ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတချို့ ရှိလာခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်နယ်စပ်တစ်လျှောက်မှာ တပ်အင်အားလျော့ချတာတွေလုပ်လာပြီး စစ်ဆင် ရေးအသစ်တွေ ထပ်လုပ်လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး ကိုးကန့်-မော်ထိုက်ဒေသ က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)-၂ တစ်ခုလုံးကို ပြန်ရုတ်သိမ်းပြီး မိုင်းနောင်နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ) အခြေစိုက်တဲ့ ခိုလမ်မှာပြန်စုဖွဲ့ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် နမ့်ခမ်းမှာ ရှေ့တန်းထွက်နေတဲ့ စကခ ၇ က ဗျူဟာ နှစ်ခုလောက်ကိုလည်း ဖယ်ခုံမှာ ပြန်လည်စုဖွဲ့နိုင်ခဲ့တာတွေ့ရပါတယ်။ အဲဒါအပြင် သိန္နီ-ကွန်လုံကားလမ်းနဲ့ မုံကိုး-ဖောင်းဆိုင်ဒေသက စကခ ၁၇ က အနည်းဆုံး ဗျူဟာ ၂ ခုလောက်ကိုလည်း မိုင်းပန်မှာ ပြန်လည်စုဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ ကိုးကန့်ဒေသ ကုန်းကြမ်း-ရှင်ကိုင်းဖျင် တစ်ဝိုက်က စကခ ၁၂ က ဗျူဟာ ၂ ခု ကိုလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ ပြန်လည်စုဖွဲ့ခဲ့တာပါ။ ရှမ်းမြောက်မှာဆိုရင်လည်း စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ က ဗျူဟာတစ်ခုစီသာချန်ခဲ့ပြီး စကခ ၂ တစ်ခုလုံးနဲ့ စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့က အနည်းဆုံး  ဗျူဟာ ၂ ခုစီလောက် ထုတ်နုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ခြေလျင်/ခြေမြန် တပ်ရင်း ၃၀ လောက်ထုတ်နုတ် နိုင်ခဲ့တာတွေ့ပါတယ်။ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်(စကခ)တစ်ခုမှာ ခြေလျင်၊ ခြေမြန်တပ်ရင်း ၁၀ ရင်းပါပြီး စကခ ဌာနချုပ်ဟာ အဲဒီတပ်ရင်းတွေကို နည်းဗျူဟာ(နဗဟ) သုံးခုထားရှိပြီး ကွပ်ကဲတာဖြစ်ပါတယ်။ ဗျူဟာ တစ်ခုအောက်မှာ စစ်ဆင်ရေးလိုအပ်ချက်အရ တပ်ရင်း သုံးရင်းကနေ လေးရင်းအထိထားပြီး စစ်ဆင်ရေး ပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။ အခုလို တရုတ်နယ်စပ်တစ်လျှောက်က တပ်အင်အားကို စစ်ကောင်စီဘက်က ထုတ်နုတ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ စစ်ဆင်ရေး တွေအရှိန်မြှင့်လာနိုင်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးလုပ်နေရချိန်မှာ တရုတ်နယ်စပ်တစ်လျှောက်က စစ်အင်အား သုံးထောင်လောက်ကို ထုတ်နုတ်နိုင်ခဲ့တာဟာ တရုတ်အထူးသံရဲ့ ခရီးစဉ်ကနေရခဲ့တဲ့ အကျိုးအမြတ်လို့ ဆိုရင်လည်း ပိုပြီးမှန်ပါလိမ့်မယ်။ တရုတ် အထူးသံတမန်သစ် မစ္စတာ တိန့်ရှီကျွန်းကတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာ တရုတ် သံတမန်ဟောင်း ဆွန်ကော့ရှန်လို ငြိမ်းချမ်းရေးလမ်းကြောင်းဖောက်နိုင်ဖို့ ပြင်ဆင်နေပြီဆိုတာသေချာပါတယ်။ လတ်တလော့ မြောက်ပိုင်း ၇ ဖွဲ့ထဲမှာ  “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) /မိုင်းလားအဖွဲ့တို့သာ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ကျန်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကတော့ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ငြင်းဆိုထားခဲ့တာဖြစ်ပါတယ်။ သေချာတာကတော့ တရုတ်အထူးသံလိုချင်တဲ့ အခင်းအကျင်းမျိုးကို မြောက်ပိုင်းအဖွဲ့တွေကြားမှာတွေ့ရဖို့မလွယ် သေးဘူးလို့ ထင်ပါတယ်။ လတ်တလောမှာ မြောက်ပိုင်းအဖွဲ့တွေကြား သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး သဘာထားထုတ်ပြန်ချက်တွေထုတ်ထားပေမယ့် ယူနန်ပြည်နယ်မြို့တော် ကူမင်းအထိသွားရောက်ပြီး တရုတ် အထူးသံနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေပါသေးတယ်။ တရုတ်အထူးသံနဲ့ မြောက်ပိုင်းအဖွဲ့တွေကြား အကြိတ် အနယ်ဆွေးနွေးနေမှုဟာ မြန်မာပြည်သူတွေအတွက်ပဲဖြစ်မလား၊ စစ်ကောင်စီအတွက်ပဲဖြစ်မလားဆိုတာကတော့ မကြာခင် သဲသဲကွဲကွဲ သိရလာရတော့မယ်လို့ ထင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly