ဗကသကျောင်းသား ကိုကောင်းဆက်ပိုင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ် 

By မိုးသောက် (မဇ္ဈိမ)
24 March 2023
ဗကသကျောင်းသား ကိုကောင်းဆက်ပိုင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို  စစ်ကောင်စီ၏ထောင်တွင်းတရားရုံးမှ မတ်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်သည်ဟု သိရသည်။ 

မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသည့်  ကိုကောင်းဆက်ပိုင်ကို  ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့်  တရားစွဲဆိုပြီး စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချလိုက်သည်ဟု ဗကသများ အဖွဲ့ချုပ်ကထုတ်ပြန်ထားသည်။ 

"ဗကသရဲဘော်တွေ အပါအဝင် ကျောင်းသားလူငယ်တွေ တိုင်းရင်းသားပြည်သူလူထုတွေကို အကြမ်းဖက်ဖမ်းဆီး ထောင်ချတာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာတွေနဲ့ ကျေးရွာတွေ မြို့တွေ ဘာသာရေးအဆောက်အဦတွေပါမကျန် မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင်ပရိဘောဂတွေ လယ်ယာသုံးပစ္စည်းတွေကအစ ခိုးယူနေတာ ဖျက်ဆီးနေတာတွေဟာ ဖက်ဆစ်တပ်က ကျူးလွန်နေတဲ့ မတရားမှုတွေ ရာဇဝတ်မှုတွေဖြစ်တယ်။"ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။ 

အသက် ၂၀ နှစ်အရွယ်ရှိ ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးမှုကို ခံခဲ့ရပြီး ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်သည်ဟုလည်း ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရသိရသည်။ 

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုကိုလည်း  စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required