ဟောင်ကောင်တွင် အရေးပါသည့် ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

By Reuters 
24 March 2023
ဟောင်ကောင်တွင် အရေးပါသည့် ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

ဟောင်ကောင်ရဲတပ်ဖွဲ့သည် ဒီမိုကရေစီလိုလားသူ ဝါရင့်နိုင်ငံရေးသမားတစ်ဦးကို အဖျက်အမှောင့် လုပ်ဆောင်သည်ဟူသောစွဲချက်ဖြင့် ၁ နှစ်ကျော် ထိန်းသိမ်းကာ ဆေးကုသမှုခံယူရန် လွန်ခဲ့သည့် ဩဂုတ်လက အာမခံပေးခဲ့ပြီးနောက် မတ်လ ၂၁ ရက်တွင် ပြန်လည်ဖမ်းဆီးလိုက်သည်။

အသက် ၇၁ နှစ်အရွယ် အဲလ်ဘတ်ဟိုသည် တစ်ချိန်က ဟောင်ကောင်၏ အကြီးဆုံး အတိုက်အခံအဖွဲ့ဖြစ်သည့် ဒီမိုကရက်တစ်ပါတီကို ဦးဆောင်ခဲ့ပြီး ကိုယ်ပိုင်ဥပဒေအကျိုးဆောင်လုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသည့် ရှေ့နေတစ်ဦးဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက ဟိုကို လက်ထိတ်ခတ်ပြီး ၎င်း၏နေအိမ်မှ ကားဖြင့် ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။

ပြည်သူ့တရားစီရင်ရေးလမ်းစဉ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသားလုံခြုံရေးဌာနက ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဟို၏ ဥပဒေအကျိုးဆောင်ကုမ္ပဏီက မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်း တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။ 

ဟိုသည် အဖျက်အမှောင့်များ လုပ်ဆောင်ရန် လှုံ့ဆော်မှုဖြင့် ဟောင်ကောင်တွင် ၂၀၂၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အမျိုးသားလုံခြုံရေးဥပဒေအရ စွဲချက်တင်ခံထားရပြီး အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။
ဟိုသည် အဆုတ်ကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူရန်  ပြီးခဲ့သည့်သြဂုတ်လတွင် အာမခံရရှိခဲ့သည်။

အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်တစ်ခုခုကို ကျူးလွန်လျှင် အာမခံကို ရုပ်သိမ်းပြီး သီးသန့်ဆေးကုသခွင့် ပေးတော့မည် မဟုတ်ကြောင်း အာမခံပေးခဲ့သည့် တရားသူကြီးက ပြောကြားခဲ့သည်။ ဟို၏ညီဖြစ်သူ ဖရက်ဒရစ်ခ်ဟိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခံခဲ့ရသည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသည့် ခင်ပွန်းဖြစ်သူထံ သွားရောက်ခဲ့သည့် ဝါရင့်သမဂ္ဂ ခေါင်းဆောင် အဲလိဇဘက်တန်ကိုလည်း ရဲတပ်ဖွဲ့က ယခုလ အစောပိုင်းက ဖမ်းဆီးခဲ့သည်။ အဲလိဇဘက်သည် နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး အာမခံပေးရရှိထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly